၂၀၁၉ ခုနှစ် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးနဲ့ ရုပ်ရှင်နှစ် ၁၀၀ပြည့် အကယ်ဒမီ ရွှေကြိုမောင်မယ်များ ရွေးချယ်ပွဲကြီးကိုတော့ ဇန်နဝါရီ ၂၇ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့ Sky Star ဟိုတယ်မှာ ပြုလုပ်လျက်ရှိပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာတော့ လာရောက် ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်များစွာထဲမှ ဆန်ခါတင် အယောက် ၈၀ ကို ရွေးချယ်ခဲ့ပါတယ်။
အဆိုပါ ရွှေကြိုရွေးချယ်ပွဲကိုတော့ အနုပညာရှင်များရဲ့မျိုးဆက်များသာမက တခြားသော ဝါသနာပါတဲ့ လူငယ်များလည်း အနုပညာလောကထဲကို ဝင်ရောက်ချင်ကြတဲ့အတွက် အင်တိုက်အားတိုက် လာရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များထဲမှ ဆန်ခါတင် စာရင်းထဲသို့ မပါဝင်ခဲ့ကြရတဲ့ ပြိုင်ပွဲဝင်အချို့ရဲ့ ခံစားချက်များကို ဖော်ပြပေးလိုက်ပါတယ်။
တေဇလင်းရောင် (The Model Academy Season 3)
မပါခဲ့တဲ့အတွက် ဝမ်းတော့ ဝမ်းနည်းတာပေါ့။ ဆရာ့သင်တန်းလည်း မတက်ရဘူး။ ဝမ်းတော့ ဝမ်းနည်းတယ်။ ဒါပေမဲ့ ကံတရားပါပဲ။ သူတို့တွေက အသစ်ကို လိုချင်တဲ့အတွက် ခံစားချက်က ဝမ်းနည်းတယ်ပေါ့။ ရွေးချယ်ခံရတဲ့သူတွေကိုလည်း ဘယ်နေရာရောက်ရောက် အကောင်းဆုံး ကြိုးစားဖို့ပဲပေါ့။ ဆရာဝန်တယောက်နေရာမှာလည်း ဆရာဝန်အလျောက် ထိုးဖောက်ရတာ ရှိတယ်။ အထူးကုဖြစ်မှ ပိုက်ဆံပိုရတယ်။ နာမည်ပိုကြီးတဲ့သဘောပဲ။
သရုပ်ဆောင်တွေဆိုရင်လည်း ကျနော့်ဆရာတွေ ပြောပြသလောက်တော့ သရုပ်ဆောင်တွေက များတယ်။ လူသိတယ်။ သူတို့ ဇာတ်ကား မရိုက်ရဘူး။ အဲဒါကြောင့် သရုပ်ဆောင်ပညာကို အကောင်းဆုံး အတော်ဆုံး ဖြစ်ပြီးတော့ အကောင်းဆုံး အသုံးချဖို့ပဲ ပြောချင်တယ်။ ရွေးချယ်တာနဲ့ ပတ်သက်ပြီး သူတို့တွေက ဘယ်လိုဆုံးဖြတ်ချက်ချခဲ့လဲတော့ မသိဘူး။ မှန်ကန်လား၊ မမှန်ကန်လားတော့ မပြောတတ်ဘူး။ ဒိုင်တွေပေးမှာပဲ မူတည်တယ်။
ရွှေစင်ဝင်းကို (ဟိန်းဝေယံ ညီမ)
ကောင်းပါတယ်။ အခုရွေးလိုက်တဲ့သူတွေ အကုန်လုံးကလည်း မျက်နှာသစ်လေးတွေဆိုတော့ ရွှေကြိုအတွက် ပိုကောင်းသွားပါတယ်။ အဟောင်းတွေထက်စာရင် အသစ်တွေက လတ်ဆတ်တာပေါ့။ ရွေးချယ်လိုက်တဲ့ အပေါ်မှာ ကျေနပ်မှု ရှိပါတယ်။ ဒိုင်တွေအကုန်လုံးက ကိုယ်တွေထက်လည်း စီနီယာပိုကျတယ်။ အတွေ့အကြုံလည်း ရှိတယ်။ သဘာလည်း ပိုရင့်တဲ့အတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့သူတွေကို ရွေးချယ်လိုက်တဲ့အတွက် အရမ်းကို ကောင်းပါတယ်။ ညီမကတော့ Music Video ရိုက်သွားဖို့ရှိတယ်။ ဓာတ်ပုံရိုက်သွားဖို့ရှိတယ်။ ပြီးတော့ ရုပ်ရှင်ရိုက်ဖို့ စဉ်းစားထားတာ ရှိပါတယ်။
မေဘရဏီ (ခင်မို့မို့အေး တူမ)
နည်းနည်း စိတ်ထိခိုက်သွားတယ်။ တခြားသူတွေ ကိုယ့်ထက် သိပ်မလှတာတွေ၊ Catwalk တို့၊ ကိုယ့်ရှေ့မှာ သရုပ်ဆောင်တာ မြင်ထားတဲ့ တချို့ကို ပါသွားတာတွေ့တော့ နည်းနည်းစိတ်မကောင်းဖြစ်တယ်။ နောက်ပြီး တခြားအနုပညာရှင်နဲ့ပတ်သက်တဲ့သူတွေလည်း ပါကြတယ်။ ပထမတော့ စိတ်ထိခိုက်သွားတယ်။ နောက်တော့ ကိုယ်ပြန်တွေးလိုက်တာ ငါရပ်တည်ရမှာ ဒီတခုတည်း မဟုတ်ဘူး။ တခြား အနုပညာလမ်းကြောင်းတွေလည်းရှိတယ်။ ငါဘာမှ မဖြစ်ပါဘူး။
ကိုယ့်ဘက်က တခုခု ချို့ယွင်းသွားလို့ဆိုပြီးပဲ ခံယူလိုက်တယ်။ ပါသွားတဲ့သူတွေကိုလည်း ဂုဏ်ယူပါတယ်လို့ ပြောချင်ပါတယ်။ တနိုင်ငံလုံးကြည့်နေမယ့် အကယ်ဒမီပေးပွဲအတွက် ဆန်ခါတင် အယောက် ၈၀ ထဲတော့ ဝင်သွားပြီ။ စင်မြင့်ထက်ကို တက်လှမ်းကြမယ့်သူတွေအတွက် ဆုတောင်းပေးပါတယ်။ အရမ်းလှကြပါတယ်။
ဈာဈာန်ဟန်သာ (ဟန်ထူးဈာန်ညီမ)
ပါသွားတဲ့သူတွေအတွက်လည်း ဂုဏ်ယူပါတယ်။ သူတို့အစား ပီတိဖြစ်တယ်။ ဘာမှ အားမငယ်ပါနဲ့။ Vote ပေးဖို့အတွက် ထိုင်စောင့်နေပါတယ်လို့ သူငယ်ချင်းတွေကို ပြောချင်ပါတယ်။ ကိုယ်မပါတာကိုတော့ ခံစားချက် မရှိပါဘူး။ အများထဲကမှ ဒီနည်းနည်းလေးကို ရွေးတာဆိုတော့ မျှော်လင့်ချက်ကတော့ သူသူကိုယ်ကိုယ် ထားကြမှာပဲ။ ဒါပေမဲ့ ပါသည်ဖြစ်ဖြစ်၊ စသွားကတည်းက တွေးထားပြီးသား။ ပါခဲ့ရင် ဘယ်လိုနေမလဲ၊ မပါခဲ့ရင် ဘယ်လိုနေမလဲဆိုတဲ့ အတွေးတွေနဲ့ လာခဲ့တာ မပါတော့လည်း အေးဆေးပဲ။ ကိုယ်က ဒီလမ်းကြောင်းထဲမှာပဲ ရှိနေမှာဆိုတော့ နောက်အသစ်တွေ ရှိဦးမှာပဲ။ အဲ့အသစ်တွေအတွက် ဘယ်လို ပုံဖော်မလဲဆိုတဲ့ အိုင်ဒီယာတွေနဲ့ပဲ လုပ်သွားပါမယ်။
ရွှေကြိုအဖြစ် ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် ရွှေကြိုများကတော့ ဆုနဲ့အတူ အခွင့်အလမ်းများ ရရှိမှာဖြစ်ပြီး ထူးခြားချက်အနေနဲ့တော့ People Choice Award ကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။