Entertainment

၂၀၁၉ အကယ်ဒမီအတွက် ကနဦး ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တို့ရဲ့ စကားသံများ

၂၀၁၉ ခုနှစ်၊ အကယ်ဒမီပေးပွဲအတွက် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲကို ဇန်နဝါရီ ၂၇ နဲ့ ၂၈ ရက်နေ့က Sky Star ဟိုတယ်မှာ ပြုလုပ်ခဲ့ပြီး ဇန်နဝါရီ ၂၉ ရက်နေ့မှာ ဆန်ခါတင် အယောက် ၈၀ ကို ကနဦး ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ အခု ရွှေးချယ်ထားတဲ့ အယောက် ၈၀ ထဲက ဆန်ခါတင် ၅၀ ဦးကို ဇန်နဝါရီ ၃၀ ရက်မှာ ထပ်မံ ရွေးချယ်မှာ ဖြစ်ပါတယ်။

ရွှေကြိုလာရောက် လျှောက်ထားသူတွေထဲမှာ အနုပညာရှင်တွေရဲ့ သားသမီးတွေ ပါဝင်သလို ပြင်ပက လူငယ် ဝါသနာရှင်တွေလည်း လာရောက် လျှောက်ထားကြတာ တွေ့ရပါတယ်။ ဆန်ခါတင် အယောက် ၈၀  ရွေးချယ်ခံရသူများထဲမှ ထွန်းဝီရ၊ မေလသံစဉ်၊ အိန္ဒြာမိုးမြင့်၊ မင်းမြတ်ပိုင်တို့ရဲ့ စကားသံများကို ဧရာဝတီက အခုလိုပဲ မေးမြန်းထားပါတယ်။

မေလသံစဉ်

ဒါရိုက်တာ အကယ်ဒမီ ဦးချန်ထွန်းက မေလရဲ့ အဖိုးပါ။ အနုပညာမျိုးရိုးကို ဆက်လက် ထိန်းသိမ်းချင်တဲ့ အတွက်ရော၊ ဒီမှာ ပါခွင့်ရရင် အခွင့်အလမ်းတွေ အများကြီးရှိမယ်လို့ သိထားတာအတွက်ရော၊ ဝါသနာကြောင့်ရော ဝင်ပြိုင်ဖြစ်တာပါ။ ပထမအဆင့်မှာ ပါတာနဲ့တင် ပျော်နေပါပြီ။ အကုန်လုံးက ချောကြလှကြတယ်။ မေလ ပါသွားတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒိုင်တွေရှေ့မှာတုန်းကတော့ ရင်တုန်တာပေါ့။

ယုံကြည်ချက်ကတော့ အပြည့်ရှိပါတယ်။ ဆက်အရွေး မခံရရင်လည်း သီချင်းဆိုတာနဲ့ပဲ ဆက်သွားမယ်။ ဆက်ရွေးချယ်ခံရရင်လည်း အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပါသွားရင်လည်း Voting ပေးပြီး  အားပေးကြပါလို့ ပြောချင်ပါတယ်။

ထွန်းဝီရ

အယောက် ၈၀ ထဲမှာ ကျနော်လည်း ပါဝင်ရွေးချယ်ခံရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ကျနော့်အတွက် စိန်ခေါ်မှု များနေတယ်။ အယောက် ၈၀ ကနေ ၅၀ ဆိုတော့ ယောကျာ်းလေး ၁၅ ယောက် ဖြုတ်မယ်။ ကျနော် အဲ့ ၁၅ ယောက်ထဲ မပါချင်လို့ အတတ်နိုင်ဆုံး ကြိုးစားသွားမှာပါ။

အိန္ဒြာမိုးမြင့်

ရွှေကြိုဖောင်တွေ တင်လို့ရပြီဆိုတော့ ပြိုင်ကြည့်ချင်တယ်။ နှစ် (၁၀၀) ပြည့်လည်း ရှိတော့ ပါဝင်ချင်တာနဲ့ ရွှေကြိုကနေလည်း အခွင့်အလမ်းတွေ အများကြီးရမှာဖြစ်တဲ့အတွက် ဝင်ပြိုင်ဖြစ်တာပါ။ အခုလို အယောက် ၈၀ ထဲပါတာနဲ့တင် အရမ်းပျော်ပါတယ်။ စိတ်တွေလည်း လှုပ်ရှားနေပါတယ်။ အခုက ပထမခြေလှမ်း  နောက်ထပ်လည်း ယှဉ်ပြိုင်ရဦးမှာဆိုတော့ အရမ်းတော့ပျော်နေလို့ မရဘူးပေါ့။ အဲ့အတွက် အများကြီး ကြိုးစားပြင်ဆင်ထားပါတယ်။

မင်းမြတ်ပိုင်


ကျနော်က သရုပ်ဆောင် စိုးမိုးကြည်ရဲ့ သားအငယ်ပါ။ မနှစ်ကတော့ ကျောင်းစာတွေနဲ့ အချိန်လည်း မရှိတော့ မပြိုင်ဖြစ်ဘူး။ ဒီနှစ်တော့ ကျနော် ကိုယ်တိုင်လည်း စိတ်ပါတယ်။ အမေကလည်း တိုက်တွန်းတာနဲ့ ဝင်ပြိုင်ဖြစ်တာပါ။ ပထမတော့ မပါဘူးထင်ပြီး ရင်တုန်နေတာ။ ပါသွားတော့လည်း ဝမ်းသာတယ်။ ဒါပေမဲ့ နောက်မှာ ကျန်သေးတော့ ဆက်လက်ပြီး အကောင်းဆုံး ကြိုးစားရဦးမှာပါ။ အမေ့ဆီကလည်း အနုပညာနဲ့ ပတ်သက်ပြီး သိသင့်တာတွေ သင်ယူသွာပြီး အကောင်းဆုံး ဆက်လက် ယှဉ်ပြိုင်သွားမှာပါ။

အခုရွေးချယ်ထားတဲ့ အကယ်ဒမီ ရွှေကြို အယောက် ၈၀ စာရင်းထဲကနေ ဇန်နဝါရီလ ၃၀ ရက်တွင် အယောက် ၅၀ ကို ပြန်လည်ရွေးထုတ်သွားဦးမှာ ဖြစ်ပါတယ်။ ဆန်ခါတင် အယောက် ၅၀ မှာ ပါဝင်လာမယ့်  မောင်မယ်တွေ ကိုတော့ Round 1, Round 2 လို့ခွဲပြီး Voting စနစ်တွေနဲ့ ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ ပရိသတ် Voting အများဆုံးရတဲ့ ပြိုင်ပွဲဝင်တွေကတော့ Grand Final အထိ တက်ရောက်ရမှာဖြစ်ပြီး အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတယောက်အနေနဲ့ ပါဝင်ခွင့်ရတော့မှာ ဖြစ်ပါတယ်။

ရွေးချယ်ခံရတဲ့ မျိုးဆက်သစ် ရွှေကြိုများအတွက် ဆုနဲ့ အခွင့်အလမ်းများကိုလည်း ပေးအပ်မှာ ဖြစ်ပါတယ်။ ထူးခြားချက်အနေနဲ့ People Choice Award ကိုလည်း ပေးအပ်သွားမှာဖြစ်သလို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) သင်ကြားတဲ့ သရုပ်ဆောင် သင်တန်းနဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခွင့်တွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။

You may also like these stories:

ဇာတ်ပို့ စစ်စစ်တွေကို အကယ်ဒမီ ပေးမယ်ဆိုလို့ ဝမ်းသာနေတဲ့ အေးသီတာ

“သရုပ်ဆောင်ပိုး ပေါ်လာရင် မျိုသိပ်ထားရတယ်”လို့ ပန်းဖြူ ပြော

ရွှေကြိုဖြစ်ဖို့ အိပ်မက်ရှိတာကြောင့် ဒီနှစ်ရွှေကြို ဝင်ပြိုင်ဖြစ်တဲ့ လီလီကျော်ခိုင်

Loading