Entertainment

အကယ်ဒမီနဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောပြလာတဲ့ ပြေတီဦး

Want create site? Find Free WordPress Themes and plugins.

အနုပညာလောကမှာ နှစ်ပေါင်းများစွာ ကြိုးစားလာခဲ့ပြီး ပရိသတ် အားပေးမှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် ပြေတီဦးက ရုပ်ရှင်လောကရဲ့မှတ်တိုင်တခုဖြစ်တဲ့ အကယ်ဒမီနဲ့ ပတ်သက်ပြီး သူ့ရဲ့ခံစားချက်ကို ပြောပြခဲ့ပါတယ်။

“ကျနော်ကတော့ အကယ်ဒမီနဲ့ ပတ်သက်လို့ အရမ်းကြီး ရင်ခုန်တာတို့၊ စိတ်လှုပ်ရှားတို့ မရှိဘူး။ မရှိဘူးဆိုတာ ကိုယ်တိုင်အတွက်လည်း မရှိဘူး။ သူများအတွက်လည်း ရင်ခုန်စိတ်လှုပ်ရှားတာ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လောကကြီးမှာ ဘယ်အရာပဲဖြစ်ဖြစ် ဖြစ်ချင်လည်း ဖြစ်မှာပဲ။ မဖြစ်ချင်လည်း မဖြစ်ဘူးပဲ။ အရာအားလုံးကို အကောင်းဘက်ကနေ မြင်ဖို့လိုတယ်ပေါ့နော်”

“ကိုယ်က အရမ်းကြီး မျှော်လင့်ထားတယ်။ အဲဒါကို မရဘူး။ အဲ့လို မရတဲ့အပေါ်မှာ သူများတွေကို လိုက်ပြီးတော့မှ မကောင်းတဲ့အမြင်နဲ့ မြင်တာက မဖြစ်သင့်ဘူးလို့ ထင်တယ်။ မရဘူးဆိုလည်း ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်တာပဲ။ ရတယ်ဆိုရင်လည်း ဖြစ်သင့်ဖြစ်ထိုက်လို့ ဖြစ်တာပဲ။ အရာအားလုံးကို အကောင်းဘက်ကမြင်နိုင်ဖို့ကို ကြိုးစားတယ်”လို့ ပြေတီဦးက ပြောပါတယ်။

ပြေတီဦးကတော့ ၂၀၁၉ ခုနှစ်မှာ သူပါဝင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားက အနည်းငယ်သာ ရှိပေမယ့် ဇနီးဖြစ်သူ အိန္ဒြာကျော်ဇင်ရဲ့ ရုပ်ရှင်ဇာတ်ကားများကတော့ အကယ်ဒမီ ဆန်ခါတင် စာရင်းထဲမှာ ပါရှိတဲ့အတွက် ဇနီးဖြစ်သူအနေနဲ့ ပရိသတ်က နေရာတခု ပေးထားတဲ့အတွက် ကျေနပ်ပီတိ ဖြစ်တယ်လို့ ပြောပါတယ်။

“သူကတော့ အလုပ်အပေါ်မှာ အမြဲတမ်း ကြိုးစားတယ်။ အလုပ်အပေါ်မှာ အမြဲတမ်း အာရုံစိုက်တယ်။ သူ့ရဲ့ သရုပ်ဆောင်မှု အလုပ်ကို လေးစားမှုမှာလည်း ပရိသတ်က အသိအမှတ်ပြုတယ်။ အဲ့အတွက်ကြောင့် အရမ်းကို ဝမ်းသာတယ်”

“ကျနော်တို့ သရုပ်ဆောင်တွေအတွက်က အကယ်ဒမီ ဆိုတာထက် ပရိသတ်ရဲ့ချစ်ခင်မှု၊ နေရာပေးမှုတွေက ပိုပြီးတော့မှ တန်ဖိုးဖြတ်လို့ မရဘူး ဆိုတော့လေ။ မအူဝဲမှာက အဲဒါတွေကို ပရိသတ်က ပေးထားပြီးသားဆိုတော့ သူ့အစား ဝမ်းသာတယ်၊ ကျေနပ်တယ်၊ ပီတိဖြစ်တယ်” လို့ ပြေတီဦးက ပြောပါတယ်။

ယခုနှစ်မှာဆိုရင်လည်း အကယ်ဒမီနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုများစွာ ရှိနေတဲ့အပေါ်မှာလည်း ပြေတီဦးက သူ့အမြင်ကို အခုလို ပြောပြခဲ့ပါတယ်။

“အားလုံးကတော့ ကောင်းအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ကြိုးစားနေကြတယ်။ တကယ့် တကယ်ကျတော့ အကယ်ဒမီဆိုတဲ့ သဘော၊ သဘာဝကတော့ ပြီးသွားတဲ့အခါမှာ အကောင်းနဲ့အဆိုးက ရှိနေဦးမှာပါပဲ။ ဘယ်လောက်ကြီးပဲ ကောင်းအောင်လုပ်လုပ်၊ အကယ်ဒမီ ဘုတ်အဖွဲ့ကိုတော့ အားပြတ်အောင် ပြောတာ မဟုတ်ပါဘူး။ သူတို့ကတော့ ကောင်းမယ်ထင်လို့ သူတို့ကိုယ်သူတို့ ယုံကြည်လို့ လုပ်တာပဲ”

“ဒါပေမဲ့ ဘယ်အရာမှာမဆို အကောင်းမြင်တဲ့သူနဲ့ အဆိုးမြင်တဲ့သူက ရှိမှာပဲ။ လူ ၁၀၀ မှာ ၁၀၀ လုံးက အကောင်းချည်းပဲမြင်ဖို့ မဖြစ်နိုင်သလို၊ အဆိုးချည်းပဲမြင်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒါက အရမ်းကို သေချာတယ်”လို့ ပြေတီဦးက ပြောပါတယ်။

“ဒီအကယ်ဒမီ ဘုတ်အဖွဲ့တွေ အနေနဲ့လည်း သူတို့ ဘယ်လိုပဲ ကောင်းအောင်လုပ်လုပ်၊ ရာခိုင်နှုန်းအရ ကွာချင် ကွာမှာပေါ့။ ပရိသတ်နဲ့ ထပ်တူကျတဲ့ ရာခိုင်နှုန်းက အများကြီးဖြစ်ရင် အနည်းအကျဉ်းတော့ ရှိနေဦးမှာပါပဲ။ ဒါကလည်း ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောတရားတခုပဲ။ အခုလိုမျိုး ကိုယ်ပိုင် အချိန်တွေကို ဒီမှာအချိန်လာပေးပြီးတော့မှ ကိုယ့်ရုပ်ရှင်လောကအတွက် သူတို့လုပ်ပေးတာနဲ့တင် အရမ်းကို ကျေးဇူးတင်တယ်”လို့ ပြေတီဦးက ပြောပါတယ်။

ယခင်နှစ်များကလည်း အကယ်ဒမီပွဲ ပြီးတဲ့အချိန်များမှာ အကယ်ဒမီ အကဲဖြတ် ဘုတ်အဖွဲ့အပေါ် လူကြီးများသာ ပါဝင်ထားတဲ့အတွက် လူငယ်များကို နေရာမပေးဘူးဆိုတဲ့ ဝေဖန်မှုများရှိခဲ့ပြီး ဒီလိုအပေါ်ကိုလည်း သူ့ရဲ့ အမြင်ကို အခုလိုပြောပါတယ်။

“လူကြီးတွေကို မလုပ်ကြနဲ့တော့၊ လူငယ်တွေကို နေရာပေးပါလို့ များသောအားဖြင့် ပြောကြတယ်။ လူငယ်တွေကိုလည်း သူတို့က နေရာ မပေးချင်တာ မဟုတ်ဘူး။ နေရာလည်း ပေးချင်တယ်။ ပေးလည်း ပေးတယ်။ ၃ လလောက် ဒီမှာလာပြီး လုပ်ပေးပါပြောရင် တကယ့် တကယ်ကျတော့ လုပ်ပေးနိုင်တဲ့သူ မရှိဘူး”

“ကျနော်တို့ ကိုယ်တိုင်လည်း မလုပ်ပေးနိုင်ဘူး။ အစည်းအရုံးအနေနဲ့ လုပ်နိုင်တဲ့ လူငယ်ရှိရင် လာလို့ ရပါတယ်ဆိုပြီး ကြေညာတာပဲ။ ဘယ်သူမှ မလုပ်ပေးနိုင်ကြဘူး။ ဒါပေမဲ့ ဝေဖန်တဲ့သူ၊ အပြစ်ပြောတဲ့သူကတော့ ရှိနေဦးမှာပဲ။ ဒါကိုကလည်း လောကရဲ့သဘာဝပဲ။ ကျနော်တို့က ဒါတွေကို လက်ခံနိုင်ရမယ်။ အကောင်းဘက်က မြင်နိုင်ရမယ်။ ဒါပဲ တတ်နိုင်တယ်” လို့ ပြေတီဦးက ပြောပါတယ်။

ပြေတီဦးကတော့ ၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီ ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများထဲမှာ “ ကျွန်မချစ်သော ယောကျ်ားသုံးယောက်” ရုပ်ရှင်ဇာတ်ကား တကားသာ ပါဝင်ထားပါတယ်။

You may also like these stories:

၂၀၁၉ အကယ်ဒမီအတွက် ကနဦး ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တို့ရဲ့ စကားသံများ

ဆန်ခါတင် ရွှေကြိုအဖြစ် ရွေးချယ်မခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တချို့ရဲ့ ခံစားချက်များ

လုပ်ခွင့်ရရင် အနုပညာအလုပ်တွေ လုပ်ချင်တယ်လို့ မြူလင်းကိုကို ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading