ယခုနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ပါဝင်လျှောက်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်ပြီး မိန်းကလေး ပရိသတ်တွေ အားပေးဝန်းရံနေကြတဲ့ ထွန်းဝီရက ရွှေကြို ဝင်ပြိုင်ဖြစ်ပုံကို အခုလိုပဲ ပြောပြပါတယ်။
“ရွှေကြိုမှာပါဖြစ်တာက အမေက ရွှေကြိုတွေ ခေါ်နေတယ် ဆိုတာနဲ့ ကျနော်လည်း အနုပညာလုပ်ချင်တော့ အခွင့်အရေးတခု ရမယ်ထင်လို့ လာပြိုင်တာပါ။ အမေက ခွန်အားပေးတယ်၊ အကြံဉာဏ်တွေလည်း ပေးတယ်။ အကုန်လုံးတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားဖို့ ပြောတယ်။ အနုပညာအလုပ်ကို ငယ်ငယ်ကတည်းက စိတ်ဝင်စားတာမို့ အတတ်နိုင်ဆုံးတော့ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ရွှေကြိုဖြစ်ခွင့်ရရင်တော့ အတိုင်းထက်အလွန် ပျော်မိမှာပါ”
“ကျနော်တို့က သဘင်မျိုးရိုး ဆိုတော့ ရုပ်ရှင်ဘက်မှာ အဆက်အသွယ် မရှိဘူး။ သရုပ်ဆောင်အလုပ်ကို ကလေးသရုပ်ဆောင်အနေနဲ့ လုပ်ခဲ့ဖူးတယ်။ ၅ တန်းလောက်တုန်းက လုပ်ခဲ့တာ။ ဒီကြားထဲမှာ ပညာရေးကို ဦးစားပေးလိုက်ရတဲ့အတွက် အနုပညာ မလုပ်လိုက်ရတဲ့ အချိန်တွေကို နောင်တရတာမျိုးတော့ မရှိပါဘူး”လို့ ထွန်းဝီရက ပြောပါတယ်။
ရွှေကြို စလျှောက်ခါစက ပရိသတ်တွေ အခုလိုမျိုး အားပေးကြမယ် မထင်ဘူးလို့ ထွန်းဝီရက ဆိုပါတယ်။
“ကျနော် ရွှေကြို လျှောက်တဲ့နေ့က ပုံကို မိန်းကလေးပရိတ်သတ်တွေ ဝန်းရံပေးကြတော့ အရမ်းကျေးဇူး တင်ပါတယ်။ ကျနော့်ကို အားပေးကြမယ်လို့ မထင်ထားဘူး။ ပျော်လည်း ပျော်တယ်။ နေလည်း မနေတတ်ဘူး။ ရွှေကြိုမှာ ပါသွားခဲ့ရင် Voting စနစ်လည်း ပါတာကြောင့် ကျနော့်ကို Voting ပေးပြီး အားပေးပါလို့ ပြောချင်ပါတယ်။ ရွှေကြိုပါသွားခဲ့ရင် အနုပညာကို သေချာ တစိုက်မတ်မတ် ဆက်လုပ်ချင်ပေမယ့် ဘွဲ့တခု ယူပြီးမှပဲ အသေအချာ ဆက်လုပ်ပါမယ်”လို့ ထွန်းဝီရက ပြောပါတယ်။
အနုပညာ မျိုးဆက်သစ် ဖြစ်တဲ့ ထွန်းဝီရဟာ စိန်မဟာသဘင်၊ ဦးရဲစိန်ရဲ့ မြေး ဖြစ်ပြီး ပတ္တမြားကေခိုင်ရဲ့ သား ဖြစ်ပါတယ်။ ထွန်းဝီရက ကလေးသရုပ်ဆောင်အနေနဲ့ ဇာတ်ကားတွေ၊ ကြော်ငြာတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။
You may also like these stories:
အကယ်ဒမီနဲ့ ပတ်သက်ပြီး ခံစားချက်ကို ပြောပြလာတဲ့ ပြေတီဦး
၂၀၁၉ အကယ်ဒမီအတွက် ကနဦး ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တို့ရဲ့ စကားသံများ
ဆန်ခါတင် ရွှေကြိုအဖြစ် ရွေးချယ်မခံခဲ့ရတဲ့ ပြိုင်ပွဲဝင်တချို့ရဲ့ ခံစားချက်များ