လူမှုကွန်ရက်ပေါ်မှာ ဓာတ်ပုံလှလှလေးတွေကြောင့် ပရိသတ်တွေ သိရှိခဲ့ကြတဲ့ သရုပ်ဆောင် နော်ဖောအယ်ထားကတော့ သူ့မှာ ယုံကြည့်ရတဲ့ သူငယ်ချင်း လက် ၅ ချောင်းပြည့်အောင် မရှိဘူးလို့ ပြောပါတယ်။
“နော်ဖောမှာ သူငယ်ချင်း များများစားစား မရှိဘူး။ ငယ်ငယ်လေးကတည်းက သူငယ်ချင်းနဲ့ ပတ်သက်ပြီး အဆင်မပြေခဲ့တာတွေ များတဲ့အခါကျတော့ လုပ်ငန်းခွင်မှာလည်း သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ နည်းနည်း တွယ်တာမိတယ်။ မဖူးတို့ (မေတိုးခိုင်) တခြားသူငယ်ချင်းတွေ မဖူးကိုတော့ အားလုံးက သိကြတယ်။ တခြား ယုံယုံကြည်ကြည်နဲ့ ပေါင်းသင်းတဲ့ သူငယ်ချင်းတွေ ရှိပါတယ်။ လက် ၅ ချောင်းတောင် မပြည့်ပါဘူး” လို့ နော်ဖောအယ်ထားက ပြောပါတယ်။
နော်ဖောအယ်ထားအတွက် သူငယ်ချင်းဆိုတာက အရေးပါပြီး သူငယ်ချင်းရှိနေတာဟာ အထီးကျန်ပြီး ဆုံးဖြတ်ချက် မှားတာမျိုးတွေ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။
“သူငယ်ချင်းတွေက နော်ဖောအတွက် အရေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ခံစားနေရတဲ့ အရာတွေကိုလည်း သေသေချာချာလေး ပြောပြလို့ရတယ်။ လူဆိုတာက ပတ်ဝန်းကျင်နဲ့ နေရတာလည်း ဖြစ်တယ်။ တယောက်တည်း နေရင်ကောင်းတယ်ဆိုပေမယ့် အထီးကျန်တာမျိုးတွေ ဖြစ်လာတတ်တယ်”
“အဲ့အခါကျရင် ဆုံးဖြတ်ချက်တွေ မှားတာမျိုးတွေ အထီးတွေကျန်ပြီး Suicide လုပ်တာမျိုးတွေအထိ ဖြစ်လာနိုင်တယ်။ သူငယ်ချင်းရှိတာက အရာအားလုံး တိုင်ပင်လို့ ရတယ်။ ကိုယ်က စိတ်ဓာတ်ကျနေရင်တောင် သူက အမြဲကိုယ့်ကို Supporting ပေးနေတဲ့အခါကျတော့ အားရှိတာပေါ့”လို့ နော်ဖောအယ်ထားက ပြောပါတယ်။
အနုပညာလောကထဲမှ သူငယ်ချင်းများနဲ့ တွေ့ဆုံတဲ့အခါမှာ အကုန်အားတဲ့အချိန်ကို ညှိပြီး အိမ်မှာသာ သီးသန့်တွေ့ ဖြစ်ကြတယ်လို့ သိရပါတယ်။
“သူငယ်ချင်းတွေနဲ့တွေ့တာကလည်း အားတဲ့သူအပေါ်မှာ မူတည်တယ်။ နောက်ပိုင်းကျတော့ နော်ဖောတို့က အပြင်သိပ် မထွက်ဖြစ်ကြတော့ဘူး။ အကုန်အားတဲ့အချိန်ကိုပဲ ညှိပြီးသွားကြတာ များတယ်။ အလုပ်တွေက ကိုယ်စီပင်ပန်းတဲ့အခါမှာ နားချင်တာပေါ့နော်။ သေသေချာချာ စီစဉ်ပြီးတော့မှ တွေ့ဖြစ်ကြတယ်။ နော်ဖောတို့က ဆိုင်တွေဘာတွေ ထိုင်ရတာထက် လွတ်လွတ်လပ်လပ် ပျော်ချင်ပါးချင်တာ။ ဂိမ်းတွေ ဘာတွေလည်းဆော့ကြတော့ အိမ်မှာပဲ သီးသန့်လေးတွေ့ဖြစ်တာပေါ့”လို့ နော်ဖောအယ်ထားက ပြောပါတယ်။
မကြာခင်မှာဆိုရင်လည်း “ချစ်သူများနေ့”ကို ရောက်တော့မှာ ဖြစ်တာကြောင့် ကျောင်းတက်တုန်းကတော့ Surprise လုပ်ခံရပေမယ့် အခုတော့ မရှိတော့ဘူးလို့ ဆိုပါတယ်။
“Surprise ဆိုတာ ငယ်ငယ်တုန်းက ရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းကဆိုတာက တက္ကသိုလ် တက်တုန်းကပေါ့။ အခုကတော့ အဲ့လို မဟုတ်တော့ပါဘူး။ ချောကလက်ကလည်း ချစ်သူများနေ့မှ စားရတာ မဟုတ်ဘူး။ နေ့တိုင်း စားရတယ်”လို့ နော်ဖောအယ်ထားက ပြောပါတယ်။
နော်ဖောအယ်ထားကတော့ ယခု နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုပါ တွဲဖက် လုပ်ကိုင်လာခဲ့ပြီး MRTV-4 မှာ ပြသခဲ့တဲ့ “ပျောက်ဆုံးနေသော အမှန်တရား” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။
ယခုနှစ်အတွင်းမှာလည်း ထိုင်းနဲ့ မြန်မာ တွဲဖက် ရိုက်ကူးထားတဲ့ “မဖဲဝါ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကိုလည်း ရုံတင်ဖို့ ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
ပထမဆုံး ရုပ်သံ ဇာတ်လမ်းတွဲ ရိုက်နေတဲ့ မော်ဒယ် နော်ဖောအယ်ထား
ချစ်သူများနေ့ကို အနုပညာရှင်တွေ ဘယ်လို ဖြတ်သန်းကြမလဲ