နာမည်ကျော် အစီအစဉ် တင်ဆက်သူ James Corden က Carpool Karaoke အစီအစဉ်မှာ အမှန်တကယ် သူကိုယ်တိုင် ကားမောင်းနှင်ခဲ့ခြင်း မရှိတဲ့အကြောင်း အခုလတ်တလော ထွက်ပေါ်နေတဲ့ ကောလာဟလ သတင်းတွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “The Late Late Show” အစီအစဉ်အပိုင်းတခုမှာ တင်ဆက်သူ Corden က “ခင်ဗျားတို့တွေ ကြားထားကြတဲ့ ကိစ္စအကြောင်း အသေအချာ ပြောချင်ပါတယ်။ ကျနော်က မကြာသေးခင်တုန်းက မီဒီယာမှာ ပြဿနာတက်ခဲ့ပါတယ်။ ကျနော့်အပေါ် ပြင်းထန်တဲ့ စွပ်စွဲချက်တခုနဲ့ ကြုံခဲ့ရပါတယ်။ ကျနော်က အဲ့ဒီ ကောလာဟလတွေကို ရှင်းချင်ပါတယ်။ ကျနော့်ပရိသတ်တွေနဲ့ ခင်ဗျားတို့ကို ပြောချင်တာက အဲ့ဒီစွပ်စွဲချက်တွေက အမှန် မဟုတ်ဘူး ဆိုတာကိုပါ”လို့ ဆိုပါတယ်။
အဲ့ဒီ ပြဿနာတွေရဲ့ အစကတော့ သူနဲ့ အဆိုတော် ဂျက်စတင်ဘီဘာတို့ အစီအစဉ် တင်ဆက်နေချိန်မှာ သူတို့ စီးလာတဲ့ကားကို ရှေ့က ကားတစီးကဆွဲသွားပြီး Corden က တကယ်မောင်းနှင်နေခဲ့ဟန်နဲ့ တင်ဆက်ခဲ့တာကို ပရိသတ်တဦးက မှတ်တမ်းတင်ခဲ့ရာကနေ စတင်ခဲ့တာပါ။
Twitter မှာ အဲ့ဒီ မှတ်တမ်း ဗီဒီယိုကလစ်က ပျံ့နှံ့ခဲ့ပြီး ပြန်လည်ဝေမျှတဲ့ အကြိမ်ရေ ၁ သိန်းကျော်တောင် ရှိခဲ့ပါတယ်။ ကားပေါ်မှာကရတဲ့ ကကွက်တွေ၊ အဝတ်အစား လဲလှယ်မှုတွေလိုမျိုး ဘေးကင်း လုံခြုံမှု မရှိတဲ့ အရာတွေကြောင့် သူက ကားကို တကယ်မောင်းနှင်ခဲ့ခြင်း ရှိတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
“ဒါပေမဲ့ ဂျက်စတင်ဘီဘာနဲ့ ကိစ္စမှာတုန်းက ကားကို ဆွဲကားနဲ့ ဆွဲဖို့က အကောင်းဆုံးဖြစ်မယ့် ကိစ္စကို ထင်ခဲ့ပါတယ်”လို့ သူက ဆိုပါတယ်။ သူ့ကို အလိမ်အညာကောင်လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတဲ့ အွန်လိုင်း အသုံးပြုသူတဦးနဲ့ ပတ်သက်လို့တော့ ထိုင်ကြည့်နေတဲ့ ပရိသတ်တွေကို သူ မညာဘူးလို့ ဆိုပါတယ်။
သူက “ကျနော် ဒီကမ္ဘာမှာ ရှိတဲ့လူတွေကို သိစေချင်တာက ငုတ်တုတ် ထိုင်ကြည့်နေကြတဲ့သူတွေကို မညာပါဘူး။ ကျိန်ပြောရဲပါတယ်။ ကျနော်က ကမ္ဘာ့နာမည်အကြီးဆုံး ပေါ့ပ်စတားတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေတာ ၉၅ ရာခိုင်နှုန်းလောက် ရှိပါတယ်”လို့ ဆိုပါတယ်။
ဆွဲကားကို အသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှု ရှိတယ်လို့လည်း သူက ဆိုပါတယ်။ Meghan Trainor, Migos, Cardi B, Chance the Rapper ၊ တတိယအကြိမ်မြောက် ပြန်ဆုံခဲ့တဲ့ Justin Bieber တို့နဲ့ ရိုက်ကူးခဲ့တဲ့ အစီအစဉ်တွေမှာ ဆွဲကားကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နာမည်ကျော်တွေနဲ့အတူ ကားမောင်းပြီး တင်ဆက်ခဲ့တဲ့အကြိမ်အရေအတွက်လည်း တော်တော်များများရှိတယ်လို့ သိရပါတယ်။
Ref: CNA
ဆက်စပ် ဖတ်ရှုရန် သတင်းလင့်ခ်
ပရိသတ်တွေကို လိမ်ညာနေတယ်လို့ စွပ်စွဲခံနေရတဲ့ James Corden