Super Bowl ပွဲချိန်ဝက် ဖျော်ဖြေတင်ဆက်မှုမှာတော့ ကွယ်လွန်သူ ဘတ်စကက်ဘော ကစားသမား Kobe Bryant ကို ဂုဏ်ပြုဖို့ သီချင်းတွေနဲ့ အကသမားတွေ ပိုမိုပါဝင်လာတော့မှာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၃၀ ရက်နေ့၊ မီယာမီမြို့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ပြုလုပ်မယ့် Pepsi Super Bowl LIV Halftime Show ပွဲချိန်အတွင်းမှာ ၁၂ မိနစ် ကြာမြင့်မယ့် တင်ဆက်မှုကို ပြုလုပ်ဖို့ စီစဉ်ထားတဲ့အကြောင်း အဆိုတော် ဂျန်နီဖာလိုပက်ဇ်နဲ့ ရှာကီရာတို့က ပြောဆိုခဲ့ပါတယ်။
အဆိုတော် လိုပက်ဇ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် သေဆုံးခဲ့တဲ့ Bryant ကို ဂုဏ်ပြုမှာလားလို့ တယောက်ယောက်က မေးလာတဲ့အခါ စိတ်ထိခိုက်ခံစားရတယ်လို့ ဆိုပါတယ်။
အဆိုတော် ရှာကီရာက “ကျမတို့ အားလုံးက လာမယ့် တနင်္ဂနွေနေ့မှာ Kobe ကို အမှတ်ရနေကြမှာပါ။ ဒီနိုင်ငံမှာ ဘဝနဲ့ ကွဲပြားမှုတို့ကို ဂုဏ်ပြုနေကြမှာပါ။ အဲ့ဒီနေ့ကျရင် စင်ပေါ်မှာ ကျမတို့ ဖော်ထုတ်ဖို့ ကြိုးစားမယ့် သတင်းစကားကို သူက ဂုဏ်ယူစွာနဲ့ ကြည့်နေမယ်ဆိုတာ ကျမ အသေအချာ ပြောရဲပါတယ်”လု့ိ ဆိုပါတယ်။
ဖျော်ဖြေပွဲနဲ့ ပတ်သက်လို့တော့ အများကြီး မပြောလိုဘဲ အခုဖျော်ဖြေပွဲ အသေးစိတ်ကို လူမသိအောင် စီစဉ်ထားတာ ဖြစ်တယ်လို့ အဆိုတော် ဂျန်နီဖာက ဆိုပါတယ်။ သူက “ကျမတို့ ပထမဆုံး စီစဉ်ကြတဲ့အခါ ရှကီရာက တော်တော်လေး ကောင်းတယ်၊ ကျမတို့ လုပ်ချင်တဲ့ မတူကွဲပြားမှုဆိုတာ ဒါပဲလို့ပြောတယ်။ တကယ့်ကို ဂျန်နီဖာနဲ့ ရှာကီရာ ပိုဆန်မယ့် အရာဖြစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ဒီစူပါစတား နှစ်ယောက်နဲ့တင် ပြီးပြည့်စုံစေမှာ ဖြစ်တယ်လို့ ရှာကီရာကဆိုပြီး ဂျန်နီဖာနဲ့အတူ အခု အမျိုးသမီးနှစ်ဦးရဲ့ ပွဲချိန်ဝက် ဖျော်ဖြေမှုဟာ တကယ့်ကို ခွန်အားရစရာ ဖြစ်လိမ့်မယ်လို့လည်း ပြောပါတယ်။
သူက “လက်တင်နွယ်ဖွာ းနှစ်ယောက်ရဲ့ ဒီနိုင်ငံမှာ ဒီအချိန် ဖျော်ဖြေမှုဟာ ကျမတို့အတွက် ခွန်အားရစရာ ဖြစ်ပါလိမ့်မယ်” လို့ ဆိုပါတယ်။ အခုဖျော်ဖြေမှုအတွင်းမှာ ကလေးနှစ်ဦးကို စင်ပေါ်ကို ခေါ်လာမှာလား ဆိုတဲ့ မေးခွန်းကိုတော့ ဂျန်နီဖာက တုံ့ပြန်ခဲ့တာ မရှိပါဘူး။
Ref:CNN