ဝါရင့် ဇာတ်ပို့သရုပ်ဆောင် တဦးဖြစ်တဲ့ မျိုးမျိုးခိုင်ကတော့ အနုပညာသမားများဟာ အနုပညာအလုပ်အပြင်တခြားအလုပ်ကို မလုပ်တတ်ကြဘူးလို့ ပြောပါတယ်။
“အနုပညာသမားက အလုပ် မလုပ်တတ်ကြဘူး။ အလုပ်က တနေကုန် အချိန်ပေးရတာ။ သာရေးလည်း မသွားရဘူး။ နာရေးလည်း မသွားရဘူး။ ကျမဆိုလက်တွေ့ ကျမအဖေဆုံးတော့ အသက်တောင် မမှီဘူး။ ပုပ္ပားကနေ ကားရိုက်ပြန်သွားပြီး နောက်နေ့မှ အသုဘချရတယ်။ အဲ့လိုပဲတွေ့ရတာ။ အပြင်စီးပွားရေးကျတော့လည်း ဘာမှနားမလည်တော့ မလုပ်တတ်တော့ဘူး။ ရှိတာလေးပဲ ချွေတာပြီး စားရတယ်”
“ကျမတို့ကျတော့ မိသားစုနည်းတော့ ခံသာသေးတယ်။ မိသားစုများ ကျောင်းတွေလည်း မပြီးဆိုရင်တော့ ကိုယ်ချင်းစာပြီး ခံစားကြည့်တယ်။ အဲ့အတွက် မိသားစုအတွက် အမှားအယွင်းရှိသွားတယ် ထင်ပါတယ်” လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
အနုပညာအလုပ်ကို စိတ်ရောကိုယ်ပါ အချိန်ပေးပြီးလုပ်ခဲ့ရတာကြောင့် အနုပညာအလုပ်များ အဆင်မပြေတဲ့အခါမျိုးမှာ တခြားအလုပ်များကို မလုပ်တတ်ကြတော့တာလို့ မျိုးမျိုးခိုင်က ဆိုပါတယ်။
သရုပ်ဆောင် လုပ်ဖော်ကိုင်ဖက်တဦး ငွေရေးကြေးရေးကိစ္စနဲ့ အရေးယူခံရတာနဲ့ ပတ်သက်ပြီးတော့လည်း သူ့ရဲ့အမြင်ကို ပြောပြခဲ့ပါတယ်။
“မသိတဲ့သူကြတော့ ဒီလိုပဲအပေါ်ယံကြည့်ပြီးတော့ ဝေဖန်ကြတာပေါ့။ အတွင်းထဲကို သိတဲ့သူကျတော့လည်း သြော် ဒါသူတို့ မသိလို့ပြောတာပဲဆိုပြီး မှတ်ထားပါတယ်။ လူတွေမှာ အပူတွေကလူတိုင်း ရှိတယ်။ ကျမတို့ အနုပညာသမားတွေက အပူပိုများတယ်။ သူများစိတ်နဲ့ ကိုယ်သရုပ်ဆောင်ရတဲ့ အပူတမျိုး ၊ စီးပွားရေးအတွက်သားသမီးအတွက် အပူတမျိုးပေါ့။ အဲဒီစိတ်တွေနဲ့ ထွေပြားပြီး ဖြစ်သွားတာနေမှာပါ။ လာလုပ်ကြည့်ရင်သိမှာပါ” လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
အနုပညာအလုပ်တွေ မကောင်းတော့တဲ့အတွက် အခုအချိန် လုပ်ဖော်ကိုင်ဖက် အချင်းချင်း နှုတ်ဆက်တဲ့အခါမျိုးမှာလည်း သာကြောင်းမာကြောင်းပဲပြောကာ နှုတ်ဆက်ရတော့ာတယ်လို့ ဆိုပါတယ်။
“အခုတော့ ကြုံတာတွေနဲ့ပဲ အလုပ်လုပ်နေကြရတာပါပဲ။ ကိုယ့်ဘက်ကတော့ မပြောတတ်ဘူး။ တွေ့ရင်နေကောင်းလား ဒီလိုပဲအရင်မေးရတော့တယ်။ အရင်လို ဘာကားတွေရိုက်နေလဲလို့ မမေးကြတော့ဘူး။ အဲ့လိုပဲမေးကြရတော့တယ်” လို့ မျိုးမျိုးခိုင်က ပြောပါတယ်။
မျိုးမျိုးခိုင်ကတော့ လတ်တလော သူ့ရဲ့အနုပညာလှုပ်ရှားမှုအကြောင်းကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“အခု ကျမတို့က “ရပ်ကွက်ကြီး (၅)” ရိုက်နေတယ်။ ၂ ရက်နေ့ကျရင် ကိုလူမင်းတို့ ရိုက်တဲ့ ဗိုလ်ချုပ်ကားလေးမှာ တထောင့်တနေရာကနေ ကိုယ့်ဗိုလ်ချုပ်ကားဆိုတော့ ပါဖို့အတွက် ရိုက်ဖို့ခေါ်ထားတယ်။ မင်္ဂလာဆောင်ရယ် နောက်တခုဘာလဲ မသိဘူး။ အဲ့ကားကတော့ မိန်းကလေးနေရာတော့ နည်းတယ်။ ဒါပေမဲ့ ကျမတို့ကတော့ အန်ကယ်လေးပါမယ်နော်လို့ ပြောတော့ မင်္ဂလာဆောင်အခန်းမှာ ပါရမယ် ထင်တယ်။ သူတို့က ပြင်ဆင်ပေးမယ်ဆိုတော့ ဘာမှ မလိုဘူး” လို့ပြောပါတယ်။
သရုပ်ဆောင် မျိုးမျိုးခိုင်ကတော့ ဒါရိုက်တာ လူမင်း ရိုက်ကူးနေတဲ့ “ဗိုလ်ချုပ်အောင်ဆန်း” အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ တထောင့်တနေရာက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
“အိမ်ထောင် မကျသေးတဲ့ လူပျိုပါ”လို့ ပြောတဲ့ အဆိုတော် X-Box
“မြန်မာပေါကားတွေ ရပ်” ရုပ်ရှင်ကားနဲ့ ပတ်သက်ပြီး သူတို့ ဘာပြောလဲ
ဇာတ်ပို့ စစ်စစ်တွေကို အကယ်ဒမီ ပေးမယ်ဆိုလို့ ဝမ်းသာနေတဲ့ အေးသီတာ