“မြမြ” ရုပ်ရှင်ဇာတ်ကားကို ပုံဖော် ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ ညိုမင်းလွင်က ဒီဇာတ်ကားကို ရိုက်ကူးခဲ့တာဟာ ရေပန်းစားနေတဲ့ အဖြစ်အပျက်ပေါ် လုပ်စားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကျနော် ဒီဇာတ်ကားကို ဆင်ဆာတင်တုန်းက ဆင်ဆာလူကြီးတွေကို ကျနော် မေးခဲ့သလိုပဲ။ ဒီရေပန်းစားတဲ့ အဖြစ်အပျက်တခုအပေါ်မှာ ကျနော် ပြီးပြီးရော လုပ်စားလိုက်တာ မဟုတ်ဘူး။ ကျနော့်မှာ ပြချင်တာ တခု ရှိတယ် ဆရာတို့ လက်ခံပါလား မေးခဲ့တယ်။ သူတို့ လက်ခံပါတယ်လို့ ပြောတယ်။ ကျနော် ကျေနပ်တယ်။ ဒီကားမှာ ကျနော် ပြချင်တာတခု ခိုင်ခိုင်မာမာ ရှိတယ်လို့ ပရိသတ် မြင်ရရင် ကျနော် ကျေနပ်တယ်။ မုဒိမ်းကျင့်တဲ့ အခန်းကို တချို့အပြလေးတွေ ဆင်ဆာ နည်းနည်းလေး လျှော့ခိုင်းတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ညိုမင်းလွင်က အခုလို “မြမြ” ရုပ်ရှင် မြန်မြန်ဆန်ဆန် ရုံတင်ခွင့် ရတဲ့အတွက်လည်း ဝမ်းသာမိတယ်လို့ ဆိုပါတယ်။
“အခုလိုရင် ရုံတင်ခွင့်ရတော့ ရင်ခုန်တယ်ဆိုတာထက် ကျနော် ရိုက်မယ်လို့ပြောလိုက်တဲ့ စကားတခု တည်လိုက်တယ်လို့ပဲ ခံစားရပါတယ်။ ရုံတင်ခွင့်ရတာလည်း ဝမ်းသာပါတယ်။ ပရိသတ် စိတ်ဝင်စားတာနဲ့ ရုံတင်ပေါ် ရောက်တာနဲ့က တိုက်ရိုက် အချိုးကျတဲ့အတွက် ပရိသတ်ကို လှိုက်လှိုက်လဲှလှဲ ကျေးဇူးတင်ပါတယ်”
“ဝေဖန်တဲ့သူတွေ၊ ထောက်ပြတဲ့သူတွေ၊ ထောက်ခံ ကြိုဆိုတဲ့သူတွေ အာလုံးကို ကျေးဇူးတင်ပါတယ်။ ပရိသတ် စိတ်ဝင်စားလို့ ပရိသတ်ဆီ ရောက်တာ။ ကောင်းတာပဲပြောပြော၊ ဆိုးတာပဲပြောပြော၊ ကျနော် တိုက်ခိုက်တယ်လို့ လုံးဝ မခံယူထားဘူး။ ဝေဖန်တယ်လို့ပဲ လက်ခံထားတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
“မြမြ” ဇာတ်ကားရိုက်နေစဉ်ကလည်း အခက်အခဲဆိုတာထက် စိန်ခေါ်မှုလို့ပဲ မြင်မိကြောင်း ညိုမင်းလွင်က အခုလိုပဲ ဆိုပါတယ်။
“အခက်အခဲဆိုတာထက် စိန်ခေါ်မှုလို့ မြင်တယ်။ စိန်ခေါ်မှုတွေကို ကြိုးစားရတာ၊ ရုန်းကန်ရတာ ကျနော် ကြိုက်ပါတယ်။ ခင်ဇာခြည်လွင် အိမ်ပြန်နေတာကို အရမ်းဝမ်းသာတယ်။ ဒီဇာတ်ကားကြောင့် ခင်ဇာခြည်လွင်ကလည်း အိမ်ကို ပြန်သွားတယ်။ သူ့မိသားစုနဲ့ ရှိတော့ အရမ်းကျေနပ်တယ်”
“ဇာတ်ကားရိုက်တုန်းက ထူးခြားမှုတော့ ရှိတယ်။ ဒါကို ဖွစရာလို့ မမြင်စေချင်ဘူး။ ကျနော်တို့က မပြောတော့ဘူး။ ကျနော်ကိုယ်တိုင် မော်နီတာကြည့်ရင်း စိတ်ထဲမှာ တမျိုးပါလားဆိုပြီး ခံစားရတာမျိုး ရှိတယ်။ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ မြမြအတွက် ရည်စူးပြီး တောင်ဒဂုံ ၁၀၇ ရပ်ကွက်တခုလုံး စတုဒိသာ ကျွေးပါမယ်။ အဝတ်အထည်တွေ အစားအသောက်တွေလည်း လှူဒါန်းသွားဖို့ ရှိပါတယ်”လို့ ညိုမင်းလွင်က ပြောပါတယ်။
“မြမြ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် မင်းတော်ဝင်၊ ဒီဒီးနဲ့ သရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ “မြမြ” ဇာတ်ကားကို ဖေဖော်ဝါရီ ၆ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
သူငယ်ချင်း ပြေတီဦးနဲ့ အမှတ်တရတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ညိုမင်းလွင်
“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို