၁၈နှစ်တိုင် နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်နေတဲ့ အစီအစဉ်တခုဖြစ်တဲ့ City FM ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဖေဖော်ဝါရီလ ၁ရက်က ရန်ကုန်မြို့ရှိ MCC မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆုပေးပွဲမှာ ဂီတနဲ့ပတ်သက်တဲ့ ဆုပေါင်း(၈) ဆု ချီးမြှင့်ခဲ့တာ တွေ့ရပါတယ်။ ဆုရရှိခဲ့ကြတဲ့ ဂီတပညာရှင်များကို ဆုတံဆိပ်သာမက ရွှေ ၁ကျပ်သား စီလည်းဆုချီးမြှင့်ပေးခဲ့ပါတယ်။ ဂီတဆုရသူများရဲ့ ဝမ်းသာစကားများကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
၂၀၁၉ခုနှစ်အတွက် ရောင်းအားအကောင်းဆုံး မြန်မာသံတေးစီးရီးသီဆိုသူဆုကိုတော့ အဆိုတော် စိုးစန္ဒာထွန်းက ရရှိခဲ့ပါတယ်။
“ကျမပျော်ပါတယ်။ ကျမအနုပညာလောကနဲ့ ၃နှစ်လောက် ကင်းကွာပြီး ဘာသာရေးကိစ္စလေးတွေနဲ့ အနေများခဲ့ပါတယ်။ အခု ဒီအခွေကို ထုတ်ဖို့အတွက် KMK က ထုတ်မယ်ဆိုတာနဲ့ ထုတ်ဖြစ်သွားတာပါ။ အခက်အခဲတွေ ကြားထဲက လုပ်ခဲ့ရတဲ့ အခွေလေးပါ။ ကျမတို့ တော်တော်ကြိုးစားခဲ့ရပါတယ်” လို့ စိုးစန္ဒာထွန်းက ဆိုခဲ့ပါတယ်။
၂၀၁၉ခုနှစ်အတွက် ရေပန်းအစားဆုံး မျက်နှာသစ်အဆိုရှင်ဆုကိုတော့ Eternal Gost Band က ရရှိခဲ့ပါတယ်။ အဆိုတော်ဟန်နေတာက အခုလို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
“ကျနော်တို့ ဆုရမယ်လို့ မျှော်လင့်မထားခဲ့ပါဘူး။ အရင်ဆုံး အိမ်ကနေ ဆုတောင်းပေးနေကြတဲ့ မိသားစုတွေကို ကျေးဇူးတင်ပါတယ်။ အိမ်က အဖေကိုလည်း ကျေးဇူးတင်သလို ကွယ်လွန်သွားပြီဖြစ်တဲ့ အမေ့ကိုလည်း ကျေးဇူးတင်တယ်။ ဒီအဖွဲ့ဝင် တွေ အကုန်လုံးကိုလည်း ကျေးဇူးတင်တယ်။ ကျေးဇူးတင်ထိုက်သူတွေလည်း ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
၂၀၁၉ခုနှစ်အတွင်းတေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသမီးအဆိုဆုရှင်အဖြစ် ဝိုင်းစုခိုင်သိန်းက ရွေးချယ်ခံခဲ့ရပါတယ်။
“ဝိုင်းစုကို City FM က ပေးတဲ့ ဆု ရဖို့အတွက် အနယ်နယ်အရပ်ရပ်က အားပေးတဲ့ပရိသတ်တွေကို ကျေးဇူးတင်တယ်။ သီချင်းကောင်းတွေကို ရေးပေးတဲ့ တေးရေးဆရာတွေကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်တဲ့ သူတွေ အားလုံးကို ဝိုင်းစု ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဆိုါပတယ်။
၂၀၁၉ခုနှစ်အတွင်းတေးသီချင်းတောင်းဆိုခံရမှု အများဆုံး အမျိုးသားအဆိုဆုရှင်အဖြစ် အဆိုတော် G Fatt က ရရှိသွားတာပါ။
“အရမ်းပျော်ပါတယ်။ စိတ်လည်းလှုပ်ရှားပါတယ်။ ဒီဆုက သီချင်းအတောင်းအများဆုံးခံရတဲ့ ဆုဆိုတော့ သီချင်းတောင်း ဆိုပေးကြတဲ့ တနိုင်ငံလုံးကပရိသတ်တွေလည်း ကျေးဇူးတင်ပါတယ်။ ၂၀၂၀မှာလည်း ဒီထက်ပိုကြိုးစားသွားပါ့မယ်” လို့ ဆိုပါတယ်။
၂၀၁၉ခုနှစ် အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယိုတေးထုတ်လုပ်သူဆုကိုတော့ အများမျှော်လင့်ထားသလိုပဲ ဇဏ်ခီ က ရရှိခဲ့တာပါ။ ဆုချီးမြှင့်ပေးခဲ့တဲ့ အဆိုတော်ဇော်ဝင်းထွဋ်ကိုလည်း ဇဏ်ခီက ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
“ကိုညီထွဋ်ကိုယ်တိုင် ဆုပေးတယ်ဆိုတော့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ ကိုညီထွဋ်က ကျနော့်အတွက် အရင်တုန်း ကတည်းက Idol တယောက်ပါ။ ကျနော် အရမ်းအားပေးတဲ့ အဆိုတော်ကိုယ်တိုင်က ဆုချီးမြှင့်တဲ့အတွက် အမှတ်တရ ဖြစ်ပါတယ်။ ကျနော့်အခွေအတွက် ကူညီပေးတဲ့ သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ရုပ်ရှင်မရှိရင် သီချင်းတွေက ဖြစ်လာမှာ မဟုတ်ပါဘူး”
“ Now& ever ရုပ်ရှင်ကို အကောင်းဆုံးပုံဖော်ပေးခဲ့တဲ့ မခီကိုလည်း ကျေးဇူးတင်ပါတယ်။ ရောင်းအား အကောင်းဆုံး ဆိုတော့ ဝယ်တဲ့သူတွေရှိတဲ့အတွက်ကြောင့် အခုလို ရရှိခဲ့တာပါ။ အခုလို ဝယ်ယူအားပေးတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ သူတို့ အွန်လိုင်းမှာ လျှောက်မဖြန့်တဲ့အတွက် ခိုးကူးတွေ မဝယ်တဲ့အတွက် မူရင်းခွေကို အားပေးတဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
၂၀၁၉ခုနှစ်အတွင်း ရောင်းအားအကောင်းဆုံး စတူဒီယိုတေးစီးရီး သီဆိုသူ အမျိုးသမီးဆု ဂျူဝယ်လ်ကတော့ ကျေးဇူးတင်စကားကို အခုလိုဆိုခဲ့ပါတယ်။
“ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော့်အခွေထဲမှာ ပါဝင်ပတ်သက်သူတွေ ဝိုင်းဝန်းကူညီပေးသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေတွေ အာလုံးကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်ထိုက်သူအားလုံး ကိုလည်းကျေးဇူးတင်ပါတယ်” လို့ ဂျူဝယ်လ်က ဆိုပါတယ်။
၂၀၁၉ခုနှစ်အတွင်း ရောင်းအား အကောင်းဆုံး စတူဒီယို တေးစီးရီး သီဆိုသူ အမျိုးသားဆု ဝေလက အခုလိုဆိုခဲ့ပါတယ်။
“ပထမဆုံး ကျနော်ကြိုးစားဖန်တီးတဲ့ သီချင်းတွေကို အားပေးကြတဲ့ တယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ စာရိတ္တခွေမှာပါဝင်တဲ့ ဂီတညီကိုမောင်နှမတွေကိုလည်းကျေးဇူးတင်ပါတယ်။ ဆုချီးမြှင့်ပေးတဲ့ City Fmကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်လည်း အများကြီးကြိုးစားသွားပါဦးမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်” လို့ ဆိုခဲ့ပါတယ်။
ဒီနှစ် City FM ဂီတဆုကတော့ ပရိသတ်မျှော်လင့်ထားတဲ့သူများနဲ့ ထပ်တူကျခဲ့ကြပါတယ်။