Entertainment

“ကျနော့်ကာရိုက်တာကို ပြန်ကြည့်ချိန်မှာ ကျေနပ်ပါတယ်”လို့ ဆိုတဲ့ မျိုးလှိုင်ဝင်း

မကြာခင် ရုံတင်ပြသတော့မယ့် “မြမြ”ဇာတ်ကားမှာ မုဒိမ်းသမားကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ မျိုးလှိုင်ဝင်းက အနုပညာသမားမှန်ရင်တော့ ဘယ်နေရာကပဲ ဖြစ်ဖြစ် သရုပ်ဆောင်ရရင်ပဲ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ လူကြမ်းသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ “မြမြ”ဇာတ်ကား ၂၀၂၀မှာ ပွဲဦးထွက်ရုံတင်ခွင့်ရလို့ အရမ်းပျော်ပါတယ်။ ပရိသတ်စိတ်ဝင်စားမှု အရမ်းများလို့ ကျနော်တို့တွေ ဇာတ်ကားရုံတင်ခွင့်ရလို့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ ဇာတ်ကားစမရိုက်ခင် လူရွေးပွဲကတည်းက ဝေဖန်မှုတွေရှိခဲ့တယ်။ ဒီလိုပါပဲ။ ကောင်းတဲ့ ဝေဖန်မှုတွေရှိသလို မကောင်းတဲ့ ဝေဖန်မှုတွေလည်း ရှိနေကြတာပဲ”

“ ကျနော့်အနေနဲ့ ရုံပေါ်စောတင်ခွင့်ရတာရယ်၊ ဒီကာရိုက်တာကို လုပ်ခွင့်ရတာရယ်အတွက် အရမ်းပီတိဖြစ်ရပါတယ်။ ကျနော့်သရုပ်ဆောင်မှုကို ပရိသတ်တွေ ပိတ်ကား ပေါ်မှာကြည့်ရတော့မှာဆိုတော့ ကျနော် ရည်းစားတယောက်ထား ရသလိုပါပဲ။ အရမ်းရင်ခုန်တယ်။ ကျနော့်ကာရိုက်ကို ပြန်ကြည့်ချိန်မှာတော့ ကျနော့်ကို ကျနော်ကျေနပ်တယ်။ အနုပညာသမားမှန်ရင်တော့ ဘယ်နေရာက သရုပ်ဆောင်ရ သရုပ်ဆောင်ရပါ။ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေပါတယ်။ မိန်းမကိုတော့ ဒီဇာတ်ကားမပြရသေးဘူး”လို့ မျိုးလှိုင်ဝင်းက ပြောပါတယ်။

မြမြဇာတ်ကားအမှတ်တရများနဲ့ ဒီဇာတ်ကားက မုဒိမ်းကားလို့ ဝေဖန်နေကြတဲ့အပေါ် မျိုးလှိုင်ဝင်းက အခုလို ရှင်းပြပါတယ်။

“မသင်ဇာနဲ့ အမှတ်တရ တွေလည်းရှိတယ်။ သရုပ်ဆောင်ပီပြင်အောင် လုပ်လိုက်ရတာတွေရှိတယ်။ မသင်ဇာကလည်း သင်ပြပေးတယ်။ အဆင်မပြေတာရှိရင်လည်း ထပ်ခါထပ်ခါပြန်ရိုက်ပေးတယ်။ ကိုညိုကလည်း သင်ပြပေးတယ်။ အားလုံး အဆင်ပြေပါတယ်။ ဇာတ်ကားရိုက်ရင်း ပရလောကက သူနဲ့ ကြုံတွေ့ခဲ့ရတာ ရှိရင်လည်းရှိမယ် မရှိရင်လည်း မရှိဘူး”

“ဒါပေမယ့် ကျနော်တို့ ၂ရက်နေ့မှာ မြမြအတွက် အလှူလုပ်ပေးမယ်။ မြမြဇာတ်ကားက မုဒိမ်းကားမဟုတ်ပါဘူး။ သရဲကား ကို အခြေခံထားပြီးတော့ “ကံကံ၏အကျိုး”ကို ဝဋ်သည် နောင်ဘဝအထိ မကူးဘူးဆိုတဲ့ဟာကို ပြချင်တာပါ။ တကယ့် ဇာတ်ကား ကောင်းတကားပါ။ အချစ်ဇာတ်လမ်း လည်းမဟုတ်ဘူး။ ဒရာမာလည်း မကျဘူး။ ဇာတ်လမ်းတခုလုံးက သရဲကားဖြစ်ရပ်မှန်ကို ပြန်ရိုက်ထားတော့ ဝေဖန်အကြံ ပေး ကြပါဦးလို့ပြောချင်ပါတယ်”လို့ မျိုးလှိုင်ဝင်းကပြောပါတယ်။

“မြမြ” ဇာတ်ကားဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူအများ စိတ်ဝင်စားခဲ့ကြတဲ့ မုဒိမ်းကျင့်ပြီး အသတ်ခံခဲ့ရသူ “မြမြ” ဆိုတဲ့ မိန်းကလေး တယောက်အကြောင်း ရုပ်ရှင်အဖြစ် ဒါရိုက်တာ ညိုမင်းလွင်က ပုံဖော် ရိုက်ကူးထားတာပါ။ သရုပ်ဆောင်များအဖြစ် မင်းတော်ဝင်၊ သင်ဇာဝင့်ကျော်၊ ဖြိုးမြတ်အောင်၊ဒီဒီး၊ ဝင်းသပြေထွန်းနှင့် အနုပညာရှင် အသစ်များလည်း ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

You may also like these stories:

ဇဏ်ခီအပါအဝင် City FM ဂီတဆု ရရှိခဲ့ကြသူများရဲ့စကားသံများ

မော်ဒယ်နဲ့ သရုပ်ဆောင်အလုပ်ကို မျှအောင်လုပ်သွားမယ့် အလှမယ်ရွှေအိမ်စည်

လက်နက်တခုဖြစ်သွားခဲ့သူ အမျိုးသမီးငယ်အကြောင်း (သို့မဟုတ်) Anna ရုပ်ရှင်

Loading