ကိုရီးယား ဒါရိုက်တာ Bong Joon-ho ရဲ့ “Parasite” ရုပ်ရှင်ဟာ ဗြိတိသျှရုပ်ရှင်နဲ့ ရုပ်သံအနုပညာ ဆုပေးပွဲ (BAFTA) မှာ အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆုအပါအဝင် ဆု ၂ ဆု ရရှိခဲ့တယ်လို့ သိရပါတယ်။
BAFTA ဆုပေးပွဲကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့က လန်ဒန်မြို့မှာရှိတဲ့ Royal Albert Hall မှာ ကျင်းပခဲ့တာ ဖြစ်ပြီး အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆုတွေပါ ဆန်ခါတင် ဆု ၄ ဆု ရွေးချယ်ခံထားရတဲ့ “Parasite” ရုပ်ရှင်ဟာ မူရင်း ဇာတ်ညွှန်းဆုနဲ့ အင်္ဂလိပ်စကားပြော မဟုတ်တဲ့ အကောင်းဆုံး ရုပ်ရှင်ဆုတို့ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က အင်္ဂလိပ်စကားပြော မဟုတ်တဲ့ အကောင်းဆုံးရုပ်ရှင် ဆုရှင် ဒါရိုက်တာ Park Chan Wook ရဲ့ “The Handmaiden” ရုပ်ရှင်နောက်ပိုင်း BAFTAs ဆု ရရှိခဲ့တဲ့ တောင်ကိုရီးယား ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။
အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုအတွက်တော့ ဒါရိုက်တာ Bong နဲ့ Han Jin-won တို့ ပူးတွဲ ရေးသားထားတဲ့ “Parasite” ရုပ်ရှင်ဟာ “Knives Out” ၊ “Marriage Story” နဲ့ “Once Upon a Time in Hollywood” ရုပ်ရှင်တွေကို ကျော်တက်ပြီး ဆုရခဲ့တာလည်း ဖြစ်ပါတယ်။
အကောင်းဆုံးဇာတ်ညွှန်းဆုကို လက်ခံရယူခဲ့ပြီးတဲ့နောက် ကိုရီးယား ဒါရိုက်တာ Bong က “ဒီဇာတ်ညွှန်းဟာ နိုင်ငံခြားဘာသာစကားတခုနဲ့ ရေးသားထားတာမို့လို့ ဒီဆုကို ရလိမ့်မယ်လို့ မခန့်မှန်းထားတာပါဘူး။ ကျနော် ရေးခဲ့တဲ့ ဒိုင်ယာလော့တွေနဲ့ ဇာတ်ဝင်ခန်းတွေကို အသက်ဝင်အောင် သရုပ်ဆောင်ခဲ့ကြတဲ့ ကျနော့်ရဲ့ ထူးခြားတဲ့ သရုပ်ဆောင်တွေကို နောက်တကြိမ် ကျေးဇူးတင်ချင်ပါတယ်”
“သူတို့ရဲ့ ခြေဟန်လက်ဟန် ဘာသာစကားနဲ့ မျက်နှာပေးတွေဟာ ကမ္ဘာသုံးဘာသာစကား အမှန်တကယ်ဖြစ်လာတယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒီရုပ်ရှင်ကို ချစ်ပေးကြောင်း ပြသခဲ့တဲ့ BAFTA အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
ဒါရိုက်တာ Sam Mendes ရိုက်ကူးခဲ့တဲ့ “1917” စစ်ပွဲနောက်ခံဒရာမာဟာ အကောင်းဆုံး ရုပ်ရှင်ဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၇ ဆု အထိ ရရှိခဲ့ပါတယ်။ “Joker” ရုပ်ရှင်ရဲ့ မင်းသား Joaquin Phoenix က အကောင်းဆုံးမင်းသားဆုနဲ့ “Judy” ရုပ်ရှင်ထဲက မင်းသမီး Renee Zellweger က အကောင်းဆုံး မင်းသမီး ဆုတို့ကို ရရှိခဲ့ပါတယ်။
ဒါရိုက်တာ Bong ရဲ့ သတ္တမမြောက် ရုပ်ရှင်ဖြစ်တဲ့ “Parasite” ဟာ လူတန်းစား မညီမျှမှုကို မီးမောင်းထိုးပြသထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာ ကျင်းပခဲ့တဲ့ ကိန်းစ် ရုပ်ရှင်ပွဲတော် မှာ Palme d’Or အထူးဆုကြီးကို ရရှိခဲ့ချိန်ကစလို့ တခြားဆုကြီးတွေကို ရရှိပိုင်ဆိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာလည်း အကောင်းဆုံး ဇာတ်ကားဆုနဲ့ အကောင်းဆုံး ဒါရိုက်တာဆု အပါအဝင် ဆု ၆ ဆု လျာထားခံထားရပါတယ်။
Ref: Yonhap
You may also like these stories:
၂၆ ကြိမ်မြောက် SAG ဆုပေးပွဲမှာ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တဲ့ “Parasite” ရုပ်ရှင်
“Parasite” ရုပ်ရှင်ကို HBO ရဲ့ Limited စီးရီးအဖြစ် ပြန်လည်ဖန်တီးဖို့ ရှိနေ