ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ Social Influencer ဒီးဒီးကတော့ ဒီဇာတ်ကား ရိုက်ကူးချိန်မှာ အတွေ့အကြုံအသစ်တွေ အများကြီးရခဲ့တယ်လို့ ဆိုပါတယ်။
“ဒီဇာတ်ကားက ကျနော်ရဲ့ အပြင်ကာရိုက်တာနဲ့ အရမ်းကိုက်ညီတယ်။ သရုပ်ဆောင်နေတယ်လို့တောင် မထင်ရပါဘူး။ အပြင်မှာလည်း ဒီအတိုင်းပဲ ရုပ်ရှင်ဇာတ်ကားထဲမှာလည်း ဒီအတိုင်းပဲ။ ကျနော်က စကားမပီတဲ့အတွက် စကားပြောရတာ နည်းနည်းတော့ ခက်တယ်။ ကိုယ်ပထမဆုံးရိုက်တဲ့ ဇာတ်ကားဖြစ်လို့ အရမ်း ခက်ခက်ခဲခဲကြီးလည်း မလုပ်ချင်ဘူး။ ကိုယ့်အတွက် နည်းနည်းလေး ခက်ပြီးမှ နည်းနည်းလေး လွယ်လောက်မယ့် အရာကို ကျနော်က လက်ခံလိုက်တာ ဖြစ်ပါတယ်”
“ဒီဇာတ်ကားရိုက်တဲ့အချိန်မှာ အတွေ့အကြုံအသစ်တွေ အများကြီးရခဲ့တယ်။ ကိုယ်တိုင်ကလည်း အခက်အခဲတွေကို အမြဲတမ်းသဘောကျတဲ့သူဆိုတော့ ဒီဇာတ်ကားရိုက်ပြီးတဲ့ အချိန်မှာ ဒီကောင် ဘာကောင်လဲ ဆိုပြီးတော့တောင် သံသယဝင်မိတယ်။ ပြီးတော့ ဒီကောင် စကားလည်း မပီဘူးပေါ့။ ဘယ်သူမဆို ကိုယ့်ပုံစံကို ဗီဒီယို ပြန်ရိုက်ကြည့်ရင် သဘောမကျတာတွေ တွေ့ရတတ်တယ်။ ကျနော်ကတော့ ကိုယ့်အသံကို ကိုယ်မကြိုက်ပါဘူး”လို့ ဒီးဒီးက ပြောပါတယ်။
နောက်ထပ်ရိုက်ကူးမယ့် ဇာတ်ကားတွေမှာလည်း ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာတွေရှိရင် လက်ခံချင်တယ်လို့ ဒီးဒီးက ဆိုပါတယ်။
“ဒီဇာတ်ကားအတွက် လူကြမ်းရွေးတုန်းကလည်း ဂယက်တွေ ထတယ်၊ မင်းသားရွေးတုန်းကလည်း ဂယက်တွေ ထတယ်။ ကျနော့်ကို ရွေးတုန်းကလည်း ဂယက်တွေ ထတယ်။ အခု ဇာတ်ကား ရုံတင်တော့မယ် ဆိုတော့လည်း ဂယက်တွေ ထတယ်။ မြမြ ဇာတ်ကားက မုဒိမ်းကား မဟုတ်ပါဘူး။ ကံ ကံ၏အကျိုးကို ဖော်ပြတဲ့ ကားလေးပါ။ ပညာပေးလို့ပြောရင်တောင် မမှားပါဘူး။ ထင်ထားသလို မဟုတ်ပါဘူး။ မသင်ဇာ သရုပ်ဆောင်တာ တကယ်ကြွေတယ်။ အရမ်းမိုက်တယ်။ မင်းတော်ဝင်လည်း အရမ်းတော်တယ်”
“သူ့ သရုပ်ဆောင်မှုတွေ အကြည့်တွေက အရမ်းမိုက်တယ်။ နောက်ထပ် ရိုက်ကူးမယ့် ဇာတ်ကားတွေမှာလည်း ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာတွေ ရှိဦးမယ်ဆိုရင် လက်ခံချင်ပါတယ်။ ကိုယ့်အတွက် အတွေ့အကြုံအသစ်တွေ၊ အခွင့်အလမ်းတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကိုယ်နဲ့ ပိုလိုက်မယ့် ကာရိုက်တာကတော့ တိုင်းရင်းသား ဇာတ်ဝင်ခန်းတွေဆိုရင် ကျနော်နဲ့ ပိုလိုက်မယ်လို့ ထင်ပါတယ်”လို့ ဒီးဒီးက ပြောပါတယ်။
ဒီးဒီး(Burmese Vlog) ပါဝင်သရုပ်ဆောင်ထားတဲ့ “မြမြ” ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က စပြီး မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်များအနေနဲ့ မင်းတော်ဝင်၊ ဒီးဒီး၊ သင်ဇာဝင့်ကျော်၊ ဝင်းသပြေထွန်း၊ မတူး၊ မျိုးလှိုင်ဝင်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
You may also like these stories:
သူငယ်ချင်း ပြေတီဦးနဲ့ အမှတ်တရတွေအကြောင်း ပြောပြတဲ့ ဒါရိုက်တာ ညိုမင်းလွင်
“မုဒိမ်းကျင့် အသတ်ခံရတဲ့ ဇာတ်ကားမျိုး ရိုက်ဖူးတယ်”လို့ ဒါရိုက်တာ ညိုမင်းလွင် ဆို