သရုပ်ဆောင်တဦး ဖြစ်သလို၊ အလှမယ်လည်း ဖြစ်တဲ့ အလှမယ် ဇွန်သံစဉ်က Miss ပြိုင်ပွဲတွေ များလာတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကို အခုလို ပြောပါတယ်။
“Miss ပြိုင်ပွဲတွေ များလာတယ်။ အရင်လို မစိစစ်တော့ဘူးပေါ့။ အရင်တုန်းက ပြိုင်ပွဲတခုမှာ ဆုရဖို့က အရမ်း ခဲယဉ်းတယ်။ အခု ဆုရဖို့က အရမ်းလွယ်တယ်။ အရည်အချင်း အရေးကြီးတယ်။ အရေအတွက်တွေ များလာတာက တန်ဖိုး မဟုတ်ဘူး။ Miss နည်းနည်းလေးနဲ့ ပေါ်လာတဲ့ Miss က အကောင်းဆုံးကြိုးစားပြီး တကယ်တော်တဲ့သူ ဖြစ်ရင်တော့ ပရိသတ်တွေ ပါးစပ်ဖျားမှာ ပြောဖြစ်နေမှာပေါ့”
“ကိုယ်တွေတောင် ပွဲတွေ အရမ်းများလို့ ဘာပွဲတွေမှန်းတောင် မသိတော့ဘူး။ ဇွန်တို့ စပြိုင်တုန်းက ဘယ်သူကဘာ ဆိုတာကို ခွဲခြားနိုင်တယ်။ အခုများလာတော့ မသိတော့ဘူး။ တခုကောင်းတာက အခုလိုပြိုင်ပွဲတွေ များလာတော့ ကိုယ့်မြန်မာနိုင်ငံအနေနဲ့ အတွေ့အကြုံတွေ ရမယ်၊ နိုင်ငံတကာမှာ သိသွားမယ်။ ကောင်းတဲ့ဘက်ကကြည့်ရင် ကောင်းတာပေါ့။ ဆိုးတဲ့ဘက်က ကြည့်ရင် အပြစ်လေးတွေတော့ ရှိတာပေါ့”လို့ ဇွန်သံစဉ်က ပြောပါတယ်။
Miss ပွဲတွေမှာ Crown အရောင်းအဝယ် လုပ်တာတွေကို အားမပေးဘူးဆိုတဲ့ ဇွန်သံစဉ်က တကယ်တော်ပြီး စိတ်ရော လူရော နစ်ပြီး ကြိုးစားသူတွေကိုပဲ Crown ရစေချင်တယ်လို့ ဆိုပါတယ်။
“Crown လည်း ကိုယ့်ပွဲဆိုရင်တော့ ကိုယ်ဆောင်းတယ်။ သူများပွဲတွေတော့ မဆောင်းဖြစ်ဘူး။ Crown အရောင်းအဝယ်တွေတော့ အားမပေးဘူး။ တကယ်တော်ပြီး စိတ်ရော လူရော နစ်ပြီးတော့ ကြိုးစားသူတွေ ရှိတယ်။ သူတို့အတွက် အရမ်းနစ်နာတယ်။ သူတို့မှာ ငွေရေးကြေးရေး အခက်အခဲလည်း ရှိမယ်။ အချိန်တွေ ရှိမယ်။ တကယ်တမ်းပေးလိုက်တော့ မကြိုးစားတဲ့သူကို ပေးလိုက်တော့ ရင်နာရတယ်”
“ဇွန်ဆိုလည်း အရမ်းကြိုးစားခဲ့ရတယ်။ နှစ်ခေါက် ပြိုင်ခဲ့ရတယ်။ နှစ်ခေါက်ပြိုင်ပြီးမှ ရတာဆိုတော့ ရတဲ့ အချိန်မှာ အရမ်းပျော်တယ်။ ဘာနဲ့မှ လဲလို့မရတဲ့ အပျော်မျိုးရတယ်။ အဲ့ဒါကြောင့် တကယ် ကြိုးစားသူတွေကိုပဲ ပေးစေချင်တယ်။ Miss လေးတွေလည်း Body, Beauty, Brain အဲ့အချက်တွေ ပြည့်စုံမှ ပြိုင်ပွဲတွေကို ဝင်ပြိုင်စေချင်တယ်”လို့ ဇွန်သံစဉ်က ပြောပါတယ်။
အလှမယ် ဇွန်သံစဉ်ကတော့ မကြာခင် ဒါရိုက်တာ စိုးမိုးမင်း ရိုက်ကူးမယ့် “ရပ်ကွက်ကြီး (၅)” ဇာတ်လမ်းတွဲမှာ ပါဝင်မယ့်အကြောင်းလည်း အခုလိုပဲ ဆိုပါတယ်။
“ရပ်ကွက်ကြီး (၅) ဇာတ်လမ်းတွဲမှာတော့ မာနကြီးတဲ့ ကောင်မလေးပေါ့။ ကိုယ်ကလုပ်လိုက်ရင် အတည်ပဲ တကယ်တမ်း လွဲနေတဲ့ ကာရိုက်တာလေး လုပ်ထားပါတယ်။ ဟာသ ပေါ့ပေါ့ပါးပါးလေးပါပဲ”လို့ ဇွန်သံစဉ်က ပြောပါတယ်။
အဲဒီဇာတ်လမ်းတွဲမှာတော့ သရုပ်ဆောင်များအနေနဲ့ နေဒွေး၊ နေဆန်း၊ အေးချမ်းမောင်၊ ဇေထူး၊ မင်းခန့်ကို၊ ကျော်ကိုကိုဝေ၊ သြဇာ၊ အုပ်သာကျော်၊ နန်းခင်ဇေယျာ၊ ဇွန်သံစဉ်၊ လီလီကျော်ခိုင်၊ ခိုင်သဇင်ဦး၊ ငုကေသာထူး၊ ပန်းသော်တာ၊ ရွှေရူပါဦး၊ ထက်အိမ့်တို့နဲ့အတူ မျိုးမျိုးခိုင်၊ အေးအေးခိုင်၊ အေးသီတာ စတဲ့ ဝါရင့် သရုပ်ဆောင်များစွာလည်း ပါဝင်တယ်လို့ သိရပါတယ်။
အလှမယ်၊ သရုပ်ဆောင် ဇွန်သံစဉ်ဟာ Miss Universe Myanmar 2017 ဆု ရရှိထားသူဖြစ်ပြီး ဇာတ်လမ်းတွဲတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်တော့မယ့် အလှမယ်ဇွန်သံစဉ်
မော်ဒယ်နဲ့ သရုပ်ဆောင်အလုပ်ကို မျှအောင်လုပ်သွားမယ့် အလှမယ်ရွှေအိမ်စည်
မိန်းကလေး ချောချော လှလှလေးတွေကို ရင်ခုန်တဲ့ အလှမယ် ဆွေဇင်ထက်