ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “မြမြ” ရုပ်ရှင်ကားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းတော်ဝင်က “မြမြ” ဇာတ်ကားမှာ ပါဝင်ရတဲ့အတွက် အမှတ်တရဖြစ်သလို ပျော်လည်း ပျော်တယ်လို့ ဆိုပါတယ်။
“မြမြ ဖြစ်စဉ်မှာ ပရိသတ်တွေက စိတ်ဝင်စားကြတယ်။ ဇာတ်သိမ်း ဘယ်လို သိမ်းမလဲဆိုတာ သိချင်နေကြမှာပါ။ ဇာတ်ကားလေးကြည့်ရင် သိသွားမှာပါ။ ပါဝင်ထားတဲ့ ကားလေးပြန်ကြည့်ရတော့ ရင်ခုန်တယ်။ မြမြ ဇာတ်ကားမှာ ပါဝင်ရတာ အမှတ်တရ ဖြစ်ရပါတယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
ဒီဇာတ်ကားကို အဆိုတော် ဖြိုးမြတ်အောင်နဲ့ အရင် ရိုက်ကူးဖို့ လုပ်ခဲ့ပေမယ့် အကြောင်းကြောင့် မရိုက်ဖြစ်ဘဲ မင်းတော်ဝင်နဲ့ ရိုက်ကူးဖြစ်တဲ့အပေါ်ကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ကျနော်က ကိုဖြိုးမြတ်အောင်ရဲ့ ပရိသတ်ပါ။ ကိုဖြိုးမြတ်အောင် ဘာတွေများလုပ်မလဲလို့ မျှော်လင့်ခဲ့ရတယ်။ မလုပ်ဖြစ်တဲ့ ဆုံးဖြတ်ချက်ပေါ်မှာလည်း ဂီတဘက်မှာ ပိုလုပ်မှာဖြစ်တဲ့အတွက် သူ့အတွက်လည်းပျော်တယ်။ ကျနော်ကိုယ်တိုင်လည်း ဒီနေရာမှာ ပါဝင်ဖြစ်ခဲ့ရတဲ့အတွက် ပျော်တယ်။ ကိုဖြိုးမြတ်အောင် လုပ်ဖြစ်ခဲ့ရင်လည်း အားပေးမှာပါ။ ကျနော်က ကိုညိုနဲ့ အလုပ်လုပ်ချင်ခဲ့တာ၊ ဒီနေရာမှ မဟုတ်ဘူး၊ ဘယ်နေရာက ပါရ ပါရ၊ ကျနော်ပါမှာပါ”လို့ မင်းတော်ဝင်က ပြောပါတယ်။
အနုပညာလောကမှာ ရပ်တည်နေတာ ၆ နှစ် ရှိပြီဆိုတဲ့ မင်းတော်ဝင်က ဖြစ်ရပ်မှန် ဇာတ်ကားတွေနဲ့ အကျိုးပေးတယ်လို့ ဆိုပါတယ်။
“ဇာတ်ကား ရိုက်နေတုန်းက ချောက်ချားမှု ဘာမှ မဖြစ်ခဲ့ဘူး။ ကျနော်က ကြောက်တတ်တယ်။ ဒါပေမဲ့ ကိုယ်တိုင်က သရဲကားကြိုက်တယ်။ ဒီရှေ့မှာလည်း သရဲကားတွေလည်း ရိုက်ခဲ့တယ်။ ပရိသတ်က အသိအမှတ်ပြုခဲ့တာတွေ ရှိတယ်။ နောက်ထပ်လည်း မတူတဲ့ ဖြစ်ရပ်မှန် ဇာတ်ကောင်တွေ သရုပ်ဆောင်ဖို့ ရှိပါတယ်။ ပြောရရင်တော့ ကျနော်က ဖြစ်ရပ်မှန် ဇာတ်ကားတွေနဲ့ အကျိုးပေးတယ်”
“ကျနော့်ဆီ အခွင့်အလမ်း တခုရောက်လာတယ်လို့ မြင်တာပေါ့။ ကျနော် အနုပညာလောကကို ၆ နှစ်ရှိပြီ။ အခုမှ ဒီလို အနေအထားနဲ့ လုပ်ခွင့်ရတာ။ ရှေ့မှာက အခန်းကဏ္ဍ အများကြီး လုပ်ခွင့်မရဘူး။ ဇာတ်ညွှန်းရောက်လိုက် သရုပ်ဆောင်ရောက်လိုက်နဲ့ ဖြစ်နေတာပေါ့။ ၆ နှစ်လုံးလုံး အလုပ်ကို ကြိုးစားလုပ်နေခဲ့တာပေါ့။ ၆ နှစ်ကြာမှ ရတဲ့ အခွင့်အရေးမို့ ကျနော် မြမြ ဇာတ်ကားမှာ အကောင်းဆုံး ကြိုးစားထားပါတယ်”လို့ မင်းတော်ဝင်က ပြောပါတယ်။
သရုပ်ဆောင် မင်းတော်ဝင်ကတော့ အနုပညာသက်တမ်း ၆ နှစ်ရှိပြီဖြစ်ပြီး ဆရာဝန်အဖြစ်ကနေ အနုပညာလောကကို ဝင်ရောက်လာသူ ဖြစ်ပါတယ်။
“မြမြ” ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး မြန်မာတနိုင်ငံလုံးမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်များအနေနဲ့ မင်းတော်ဝင်၊ ဒီးဒီး၊ သင်ဇာဝင့်ကျော်၊ ဝင်းသပြေထွန်း၊ မတူး၊ မျိုးလှိုင်ဝင်းနဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။
You may also like these stories:
Dancing with The Stars Myanmar ပြိုင်ပွဲကြီးမှာ အနိုင်ရရှိခဲ့တဲ့ နန့်ချစ်နဒီဇော်နဲ့ တေးမင်
“Crown အရောင်းအဝယ် လုပ်တာတွေကို အားမပေးဘူး”လို့ ပြောတဲ့ အလှမယ် ဇွန်သံစဉ်
“မြမြ ရုပ်ရှင်က ထင်ထားသလို မုဒိမ်းကား မဟုတ်ပါဘူး”လို့ ဒီးဒီး ပြော