Resident Evil ဗီဒီယိုဂိမ်းအတိုင်း Netflix က ပြန်လည် ရိုက်ကူးမှာ မဟုတ်လို့ တမျိုးတဖုံ ဆန်းသစ်နေတဲ့ တီဗီစီးရီးတခုအဖြစ် မြင်တွေ့ကြရဖို့ ရှိနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဟောလိဝုဒ်ရုပ်ရှင် နယ်ပယ်မှာ ရုပ်ရှင်တွေအတွက် သန်းပေါင်းများစွာ ရင်းနှီးအသုံးချခဲ့ပြီး Mortal Kombat နဲ့ Final Fantasy အထိ အောင်မြင်မှုကိုယ်စီ ရရှိခဲ့ကြတဲ့ စတူဒီယိုတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။
Detective Pikachu နဲ့ Sonic စတဲ့ ဇာတ်ကောင်တွေဟာလည်း ဗီဒီယိုဂိမ်းကနေ ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတဲ့ ရုပ်ရှင်တွေဖြစ်တာကြောင့် ဟောလိဝုဒ်ရဲ့ စတူဒီယိုတော်တော်များများဟာ ဂိမ်းဇာတ်ကောင်တွေကို အာရုံပိုစိုက်လာကြပါတယ်။
Netflix အနေနဲ့ ရုပ်ရှင်နယ်ပယ်ရဲ့ ပင်မရေစီးကြောင်းကို ခွဲထွက်ပြီး ခြေလှမ်းသစ်တွေကို ဦးတည်နေခဲ့တာဖြစ်ပြီး Animation စီးရီး Castlevania နဲ့ The Witcher စီးရီးတို့မှာ သက်သေပြခဲ့ပြီး ဖြစ်ပါတယ်။
Capcom ဂိမ်းကုမ္ပဏီရဲ့ မူလပိုင်ဆိုင်ထားတဲ့ Resident Evil ကို Netflix ဘက်ကနေ Franchise ယူကာ တီဗီစီးရီးအဖြစ် ပြန်လည် ထုတ်လွှင့်သွားမှာဖြစ်တဲ့အပြင် ဂိမ်းဇာတ်ကောင်တွေကို Netflix ပုံစံအတိုင်း ကြည့်ရှုသူ ပရိသတ်တွေကို ဖမ်းစားနိုင်ဖို့ ပြင်ဆင်ထားတာပါ။ ပထမဆုံး Season မှာ ဇာတ်လမ်းအပိုင်းပေါင်း ၈ ခု ပါဝင်မှာဖြစ်တယ်လို့ အတိအလင်း သတင်းထွက်ပေါ်ခဲ့ပြီး လာမယ့်နွေရာသီမှာ ရိုက်ကူးရေးစတင်မှာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်မှာ ထုတ်လွှင့်ပြသနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်တဲ့အတွက် Resident Evil ကို ကြိုက်နှစ်သက်ခဲ့တဲ့ ဂိမ်းနဲ့ ရုပ်ရှင် ပရိသတ်တွေအတွက် ပြန်လည် အမှတ်ရစရာတွေအပြင် တီဗီစီးရီးတခုကိုပါ ကြည့်ရှုခံစားကြရတော့မယ့် သတင်းကောင်းတခုပဲ ဖြစ်ပါတယ်။
Ref. wegotthiscovered.com