Entertainment

ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချင်ခဲ့တဲ့ သရုပ်ဆောင် ဒေါင်း

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ နောင်မင်းလတ်ဆိုတဲ့ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဒေါင်းက ဒီကားမှာ တက္ကသိုလ်ကျောင်းသား တယောက်ရဲ့ ခံစားချက်အပြည့်အဝ ရခဲ့တယ်လို့ ဆိုပါတယ်။

“ကျနော့်ဘဝ အမှတ်တရအနေနဲ့ ကျောင်းသား ဘဝကို အပြည့်အဝ ဖြတ်သန်းရတဲ့ ဇာတ်ကားလေးတကား ဖြစ်တဲ့အတွက် အရမ်းပျော်တယ်။ ကျနော် ဒီကားရိုက်တဲ့ ၂ လ၊ ၃ လက ကျောင်းတက်နေရသလိုပဲ ခံစားရတယ်။ ရှုတင်သွားတယ်လို့ မခံစားရဘူး။ ကျနော် ကျောင်းသားဘဝက အဝေးသင်တက်တာမလို့ ဘာမှ မရှိခဲ့ဘူး။ ကျောင်းသားဘဝကို မဖြတ်သန်းခဲ့ရတော့ ဒီကားလေးက ကျောင်းဘဝမှာ အပြည့်အဝ ဖြတ်သန်းလိုက်တယ်”

“ဒီကားထဲက နောင်မင်းလတ်ဆိုတဲ့ လူတယောက် ဘောလုံးကန်တယ်။ ကျောင်းသားဘဝလေးကို ကြိုက်တာပါ။ ကျနော် ရန်ကုန်တက္ကသိုလ်ကို အရမ်း စိတ်ဝင်စားတာ စာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ရတာ။ အရင်ကတည်းက အရမ်းစိတ်ဝင်စားတာ။ ကျနော် ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချင်ခဲ့တာ။ ကျနော် မတက်ခဲ့ရဘူး။ အဲ့အတွက် မကျေနပ်ဘူး။ ဒီကားက တက္ကသိုလ်ကျောင်းသား တယောက်ရဲ့ ခံစားချက်အပြည့်အဝ ရခဲ့တယ်”လို့ ဒေါင်းက ပြောပါတယ်။

ဒီဇာတ်ကားမှာ အတွဲညီညီ ပါဝင် သရုပ်ဆောင်ထားတဲ့ ပိုင်ဖြိုးသုနဲ့ အိန်ဂျယ်လမုန်တို့ ဆုံတွေ့ခဲ့တဲ့ အမှတ်တရတွေကိုလည်း ဒေါင်းက အခုလို ပြောပြပါသေးတယ်။

“ပိုင်ဖြိုးသုနဲ့ အမှတ်တရကတော့ သူကလည်း မိုးမူ ဖြစ်နေတယ်။ ကျောင်းတက်နေတဲ့ သူငယ်ချင်းတယောက်လိုပဲ။ အဲ့ဒါတော့ သူနဲ့ အမှတ်တရပဲ။ အိန်ဂျယ်လမုန်နဲ့ကတော့ ရွက်လှေစီးတဲ့ အခန်းက အမှတ်တရပေါ့။ သူစီးတာ ကျနော် ထိုင်လိုက်ရတာပေါ့။ ကျနော့် အသက် သူ့ပေးထားရတာပေါ့။ ကျနော်က သူ့ကို စနေတော့ သူ မကြောက်တော့တာ ဖြစ်မယ်။ ကြောက်တာတော့ကြောက်နေတာ။ အင်းယားကန်ထဲ တခါမှမရောက်ဖူးတော့ တခုခုများဖြစ်ရင် ဘာလုပ်မလဲလို့တော့ ကြိုတွေးထားရတာပေါ့။ ပထမဆုံး စီးရတာ အမှတ်တရပါပဲ”လို့ ဒေါင်းက ဆိုပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့လည်း ဒေါင်းက သူရဲ့ ခံစားချက်ကို အခုလို ဆိုပါတယ်။

“လူတိုင်းအချစ်ကို ဘယ်လိုခံယူထားလဲ မေးရင် ဘယ်သူမှ အပြည့်အဝ ဖြေနိုင်လိမ့်မယ် မထင်ဘူး။ ကျနော်လည်း အဲ့ဒါကို မဖြေနိုင်ဘူး။ အချစ်က ဘဝမှာ ရှိသင့်ရှိထိုက်တဲ့ ဘဝအပိုင်းအကန့်မှာတော့ အရေးကြီးပါတယ်။ ကျနော်လည်း အဲ့လောက်တော့ အချစ်ကို အလေးအနက် ထားပါတယ်”လို့ ဒေါင်းက ပြောပါတယ်။

မိန်းကလေး ပရိသတ် အများစု ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် ဒေါင်းက အခုဆိုရင် အနုပညာအလုပ်တွေ အဆက်မပြတ် လုပ်ကိုင်ပါတယ်။ ဒေါင်းကိုတော့ “ပုဂံမြို့သူ” ရုပ်သံ ဇာတ်လမ်းတွဲမှာ ပရိသတ်တွေ အားပေးခဲ့ကြပြီး “လိပ်ပြာစံအိမ်” ၊ “မိန်းမတစ်ယောက်ရဲ့ ဖွင့်ဟဝန်ခံချက်” စတဲ့ ရုပ်ရှင်များမှာလည်း ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဒေါင်းက မကြာခင် ရုံတင်ပြသတော့မယ့် “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ပိုင်ဖြိုးသု၊ အိန်ဂျယ်လမုန်တို့နဲ့ အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။

Loading