MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲများမှတဆင့် ပရိသတ်တွေရဲ့ ချစ်ခင်မှုများစွာကို ရရှိထားတဲ့ သရုပ်ဆောင် ခေးဆက်သွင်ကတော့ လတ်တလောမှာ သူ့ဆီကို အမည်မသိသူက ပန်းစည်းများ လာပို့နေတာ အခုထိ မသိရသေးဘူးလို့ ဆိုပါတယ်။
“ပန်းစည်းပိုင်ရှင်ကိုတော့ အခုထိ မသိရသေးပါဘူး။ မိန်းကလေးပဲဖြစ်ဖြစ်၊ ယောက်ျားလေးပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။ တဦးပေါ်မှာတဦး မေတ္တာထားပြီး ကြိုက်တာ လိုက်လုပ်ပေးတယ်ဆိုတော့ ကောင်းတဲ့စိတ်နဲ့ပဲပေါ့။ ခေးအနေနဲ့ကတော့ လူပျိုလူလွတ် ဆိုရင်တော့ ပို့ပါလို့။ လူပျိုလူလွတ် မဟုတ်ရင် ဆက်မပို့ပါနဲ့”လို့ ခေးဆက်သွင်က ပြောပါတယ်။
ပန်းစည်းပို့တဲ့သူကိုတော့ လူပျိုလူလွတ်ဆိုရင် ပြဿနာ မရှိပေမယ့် လူလွတ် မဟုတ်ရင်တော့ လာမပို့တော့ဖို့လည်း ခေးဆက်သွင်က ပြောထားပါတယ်။
“အစပိုင်းကတော့ နံပါတ်လေးတွေ ပါသေးတယ်။ နောက်ပိုင်းတော့ နံပါတ်တွေ မပါတော့ဘူး။ စုံစမ်းဖို့ကို မအားတာ။ သူ့ဘာသာ လာပြောရင်ပြော၊ မဟုတ်ရင် မစုံစမ်းနိုင်ဘူး။ ၂ ပတ်လောက်တော့ ရှိပြီ”လို့ ခေးဆက်သွင်က ပြောပါတယ်။
မကြာခင်မှာလည်း လက်ရှိ နေထိုင်နေတဲ့ အိမ်ကပြောင်းဖို့ ရှိပြီး ပန်းစည်းတွေကြောင့် ပြောင်းတာ မဟုတ်ဘဲ အိမ်ဝယ်ပြီးသား ဖြစ်တာကြောင့် ပြောင်းတာဖြစ်တယ်လို့ ဆိုပါတယ်။ ပန်းစည်းပို့နေတဲ့သူက ခေးဆက်သွင်ရဲ့ We Love တွေထဲက မဖြစ်နိုင်ဘူးလားဆိုတာကိုလည်း အခုလိုပြောခဲ့ပါတယ်။
“We Love တွေက လျှို့ဝှက်ပြီး မလုပ်နိုင်ဘူး။ ခဏနေ ပေါ်တယ်။ သေချာတယ် သူတို့ မဟုတ်နိုင်ဘူး။ ခေးဘက်က ရိုးသားတယ်။ ဘာစိတ်မှ ရှိမနေဘူး။ ပရိသတ် စိတ်ဝင်စားအောင်လို့ပေါ့” လို့ ပြောပါတယ်။
လတ်တလောမှာလည်း ခေးဆက်သွင်က ဆံပင်အရှည်ကို ပရိသတ်များအား အသိမပေးဘဲ ညှပ်ခဲ့ပြီး ပရောဂျက်တခုအတွက် ညှပ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။
“တခုခုကြောင့်ပါ။ လျှို့ဝှက်ချက်ပေါ့။ ပရောဂျက် လေးတခု ရှိနေလို့ပါ။ တခါမှ မညှပ်ဖူးဘူး။ ပရိသတ်တယောက်မှတော့ မသိသေးဘူး။ စိတ်မဆိုးကြပါနဲ့လို့။ လုပ်ချင်တာ လုပ်ထားပြီးရင် အလှဆုံး ပြုံးနေတတ်သူ” လို့ ခေးဆက်သွင်က ပြောပါတယ်။
ဆက်လက်ပြီး “ဆံပင်ညှပ်လိုက်တာ ပေါ့သွားတယ်။ ပရိသတ်ကိုလည်း ဒီတိုင်းပဲမြင်ရတာ ရိုးအီနေတယ်လို့ ခံစားရမှာစိုးလို့ ဆန်းသစ်အောင် လုပ်ပြချင်တာပါ။ မြန်မာဆန်တာ ပျောက်မှာ မဟုတ်ပါဘူး။ ဒီပုံနဲ့လည်း မြန်မာဆန်လို့ရပါတယ်။ အဓိကက ပရိသတ်မျက်စိထဲမှာ ရိုးမသွားဖို့ မျက်စိပသာဒဖြစ်အောင် လုပ်တာပဲ ရှိပါတယ်” လို့ ခေးဆက်သွင်က ပြောပါတယ်။
ခေးဆက်သွင်ကတော့ မကြာခင်မှာ ရုပ်ရှင်ဇာတ်ကားကြီး ၂ ကားရိုက်ကူးဖို့ရှိပြီး မတူညီတဲ့ ကာရိုက်တာနဲ့ မြင်တွေ့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
You may also like these stories:
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းတက်ချင်ခဲ့တဲ့ သရုပ်ဆောင် ဒေါင်း
“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု
နာမည်ကျော်ကြားမှုကနေ လွတ်မြောက်မှုအနေနဲ့ မူးယစ်ဆေး သုံးခဲ့တာလို့ ဂျက်စတင်ဘီဘာ ပြော