မကြာခင်မှာ ရုံတင်ပြသတော့မယ့် “ပလေယာ” (Players) ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ဟာသသရုပ်ဆောင် ခင်လှိုင်က ပထမဆုံးအကြိမ်အဖြစ် စိုးမြတ်သူဇာနဲ့ လင်မယားပုံစံ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“အဓိကက မစိုးကြီးနဲ့ လင်မယားပုံစံ သရုပ်မဆောင်ဖူးဘူး။ သူကလည်း ကိုယ့်ကိုအားနာတယ်။ ကိုယ်ကလည်း သူ့ကို အားနာတယ်။ ပါးတွေ ရိုက်ရတယ်။ ဆံပင်တွေ ဆွဲရတယ်။ မစိုးကြီးကလည်း ကိုယ့်ကိုအားနာတယ်။ မစိုးကြီးနဲ့ကိုယ်နဲ့ နှစ်ယောက်က သူတင်ကိုယ်တင် သရုပ်မဆောင်ဖူးတော့ တယောက်နဲ့ တယောက် အားနာနေကြတာပါ။ အပြင်မှာသာဆို သေရချည်ရဲ့” လို့ ခင်လှိုင်က ပြောပါတယ်။
အဆိုပါ ဇာတ်ရုပ်အတွက် လက်ခံဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ခင်လှိုင်က အခုလို ဆိုပါတယ်။
“ကာရိုက်တာလေးက ဆန်းတယ်လေ။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ အဝတ်အစားပုံစံ ဒီဇိုင်းတွေလည်း သေချာ ပြင်ဆင်ထားတယ်။ စတိုင်ကအစ ပြင်ဆင်ထားတယ်။ ပလေယာ တယောက်ပါပဲ”လို့ ပြောပါတယ်။
“ပလေယာ”ကားကိုတော့ အမြဲတမ်း တွဲဖက် ရိုက်ကူးနေကျဖြစ်တဲ့ ဒါရိုက်တာ ပြည်ဟိန်းသီဟ၊ မြင့်မြတ်တို့နဲ့ အတူ ရိုက်ကူးရတာဖြစ်ပြီး တယောက်အကြောင်း တယောက် သိနေတာကြောင့် အဆင်ပြေခဲ့တယ်လို့ သိရပါတယ်။
“ပလေယာကားကတော့ ထုံးစံအတိုင်း ပြည်ဟိန်းသီဟတို့၊ ကျနော်တို့ တွဲပြီး ရိုက်ထားတာဆိုတော့ တယောက်အကြောင်း တယောက်သိပြီးသား။ ကိုယ်ဘယ်လောက် လုပ်နိုင်တယ်။ သူဘယ်လောက် ကိုယ့်ကို ခိုင်းနိုင်တယ်ဆိုတာ သိပြီးသားဆိုတော့ အထွေအထူး ပြောစရာ မလိုပါဘူး”လို့ ခင်လှိုင်က ပြောပါတယ်။
ဒီကားထဲမှာတော့ မနောရဲ့သီချင်းအသစ်တပုဒ်ကို ဇာတ်ဝင်ခန်းတခုမှာ သုံးထားပြီး သီချင်းကလည်း ပရိသတ်တွေကြားထဲမှာ ပေါက်နေပါတယ်။
“ကိုမနောကတော့ ဘာသီချင်းထွက်ထွက် ပေါက်နေတာပါပဲ။ ကိုမနော သီချင်းတွေက ပေါက်တယ်လေ။ ဒီသီချင်းကလည်း အစအဆုံး မထွက်သေးဘူး။ ကျနော်တို့ကြိုက်လို့ဆိုပြီး ဇာတ်လမ်းနဲ့လည်း လိုက်လို့ ဝယ်သုံးလိုက်တာပါ။ ဒီသီချင်းနဲ့ ရိုက်တော့ ဒရာမာပုံစံ ရိုက်ရမှာကိုး။ အိချောပိုက အရမ်းရယ်နေတော့ မနည်းပြန် ပြန်ရိုက်ရတာပေါ့” လို့ ခင်လှိုင်က ပြောပါတယ်။
“ပလေယာ” ရုပ်ရှင်ဇာတ်ကားကိုတော့ ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ပြသမှာဖြစ်ပြီး ဒီကားထဲမှာတော့ မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ ဆောင်းဝတ်ရည်မေ၊ မေမီကိုကို၊ ခင်လှိုင်နဲ့ K ညီတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
“ချိုးရုပ်” ဇာတ်ကားမှာ ကိုယ်တိုင် ဒါရိုက်တာ၊ သရုပ်ဆောင်အနေနဲ့ ပါဝင်ထားတဲ့ ခင်လှိုင်
ဖခင်ဖြစ်သူကို ဒုက္ခမပေးချင်တာကြောင့် ကိုယ်တိုင် ကြိုးစားလာခဲ့တဲ့ သရုပ်ဆောင် နေရဲ