သရုပ်ဆောင် မေသန်းနုအား တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၄၂၀ (ဦးတိုက်) ဖြင့် တရားစွဲဆိုထားတဲ့ ရုံးချိန်းကို မေသန်းနုမှ ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က လာရောက်ခဲ့ပါတယ်။
ဒီကနေ့ ရုံးချိန်းမှာတော့ တရားလိုဖြစ်သူနဲ့ စွပ်စွဲခံရသူ နှစ်ဦးစလုံး လာရောက်ခဲ့ပြီး နောက်တကြိမ် ရုံးချိန်းမှာတော့ မှုခင်းစီမံခန့်ခွဲမှု အစီအမံအရ အစည်းအဝေး ပြုလုပ်ရန် ချိန်းဆိုခဲ့ကြောင်း သိရပါတယ်။
အဆိုပါအမှုမှာတော့ တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်က သရုပ်ဆောင် မေသန်းနုအား နောက်တိုး တရားခံအဖြစ် တရားရုံးကို ဦးတိုက်လျှောက်ထားကာ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။ သရုပ်ဆောင် မေသန်းနုဘက်မှလည်း အဆိုပါအမှုအတွက် လျှောက်ထားချက် တင်သွင်းခဲ့သော်လည်း တဖက်မှ ကန့်ကွက်ထားပြီး နောက်တကြိမ် ရုံးချိန်းများမှာ ပြန်လည် ကြားနာသွားမယ်လို့ သိရပါတယ်။
တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်မှ အမှုအတွက် မီဒီယာများရဲ့ မေးမြန်းမှုအား စိတ်မကောင်းဖြစ်နေရတဲ့အတွက် ဖြေကြားလိုခြင်း မရှိသေးကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်တကြိမ်ရုံးချိန်းကိုတော့ ဖေဖော်ဝါရီလ ၁၈ရက်နေ့ကို ပြန်လည် ချိန်းဆိုခဲ့ပြီး မှုခင်းစီမံခန့်ခွဲမှု အစည်းအဝေး ပြုလုပ်သွားမယ်လို့ သိရပါတယ်။
မေသန်းနုကိုတော့ ဇန်နဝါရီလ ၂၀ ရက်နေ့က ရန်ကင်းမြို့နယ် တရားရုံးမှာ ပုဒ်မ ၄၂၀ ဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်ခဲ့ပြီး အဆိုပါ အမှုအတွက်လည်း ၂၀၁၆ ခုနှစ်ကစတင်ကာ အမှု ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
အဆိုပါ ရန်ကင်းမြို့နယ် တရားရုံးမှ အမှုကတော့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တရားလိုဖြစ်သူ ဒေါ်စန်းစန်းမြင့်ထံမှ တိုက်ခန်း စရံငွေ သိန်း ၄၀၀ လိမ်လည် ရယူသွားသည်ဟုဆိုကာ တိုင်တန်းခဲ့ရာမှ ပေါ်ပေါက်ခဲ့တဲ့အမှု ဖြစ်တယ်လို့ သိရပါတယ်။
မေသန်းနုရဲ့ ခင်ပွန်းဟောင်းဖြစ်သူ ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ သားဖြစ်သူ မင်းသန့်မောင်မောင်တို့ကတော့ မေသန်းနုအတွက် စိတ်မကောင်းခြင်းများစွာ ဖြစ်လျက်ရှိပြီး ရှေ့နေများ၊ မိသားစုဝင်များနဲ့တိုင်ပင်ကာ မေသန်းနုရဲ့အမှုအတွက် ကြိုးစားပေးလျက်ရှိတယ်လို့ သိရပါတယ်။
You may also like these stories:
“မေသန်းနုကို ငွေပမာဏကြောင့် ပြစ်ဒဏ်ချတာ မဟုတ်ဘူး”လို့ ရန်ကင်းမြို့နယ် တရားရုံးမှ ပြော
အကယ်ဒမီမေသန်းနု လိမ်လည်မှုဖြင့် ထောင်ဒဏ် ၁နှစ်ကျခံရ
ဖခင်ထံကနေ အမွေအကုန်လုံး ရခဲ့တဲ့ မင်းသန့်မောင်မောင်အကြောင်း ပြောပြတဲ့ မေသန်းနု