“Spartacus” နဲ့ “Paths of Glory” တို့လိုမျိုး ရုပ်ရှင်တွေထဲက မင်းသားကြီး Kirk Douglas ဟာ ဖေဖော်ဝါရီ ၅ ရက်နေ့က အသက် ၁၀၃ နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့ပါပြီ။ သူ့ခေတ်သူ့အခါတုန်းက ဝင်ငွေအကောင်းဆုံး ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့သူ မင်းသားကြီး Douglas ရဲ့ ဟောလိဝုဒ် အနုပညာသက်တမ်းဟာ ဆယ်စုနှစ် ၇ ခုလောက် ကြာမြင့်ခဲ့ပြီး ရုပ်ရှင်ပေါင်း ၇၅ ကားအထိ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။
မင်းသားကြီးရဲ့သား Michael Douglas က “Kirk Douglas ဟာ အသက် ၁၀၃ နှစ်အရွယ်မှာ ကျနော်တို့ကို ထားသွားခဲ့ပြီဆိုတာ ကျနော့် ညီအစ်ကိုတွေနဲ့ ကျနော်က အထူးဝမ်းနည်းစွာ ကြေညာလိုက်ပါတယ်”လို့ ထုတ်ပြန်ချက်တခုထဲမှာ ပြောဆိုထားပါတယ်။
အဲ့ဒီထုတ်ပြန်ချက်ထဲမှာ “ကမ္ဘာကြီးအတွက် သူဟာ ဂန္တဝင်တယောက် ဖြစ်ခဲ့တယ်။ သူ့ရဲ့ ရွှေရောင် နေ့ရက်တွေထဲမှာ ကောင်းစွာရှိနေခဲ့တဲ့ ရွှေရောင်ခေတ်ရဲ့ ရုပ်ရှင်တွေထဲက သရုပ်ဆောင်တယောက်လည်း ဖြစ်ခဲ့တယ်။ ကျနော်တို့ အားလုံးလေးစား အားကျရဖို့ စံနှုန်းတခု သတ်မှတ်ဖို့ သူယုံကြည်တဲ့ အကြောင်းအရာတွေ၊ တရားမျှတမှုတွေကို လုပ်ဆောင်ခဲ့သူ လူသားချင်းစာနာထောက်ထားသူ တဦးလည်း ဖြစ်ခဲ့ပါတယ်”
“ဒါပေမဲ့ ကျနော်နဲ့ ညီအစ်ကိုတွေဖြစ်တဲ့ Joel နဲ့ Peter တို့အတွက် သူဟာ သာမန်ဖခင်တယောက် ဖြစ်ခဲ့ပြီး ကတ်သရင်းအတွက် ထူးခြားတဲ့ ယောက္ခမ၊ မြေးတွေနဲ့ မြစ်တွေအတွက် ဘိုးအေကြီးဖြစ်ပြီး ဇနီး Anne အတွက် ထူးခြားတဲ့ ခင်ပွန်းဖြစ်ခဲ့ပါတယ်”လု့ိ ဖော်ပြထားပါတယ်။
မင်းသားကြီး Douglas ရဲ့ အနုပညာခရီးလမ်းဟာ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ စတင်ခဲ့ပေမယ့် “20,000 Leagues Under the Sea”, “Lust for Life”, “Gunfight at the OK Corral” နဲ့ “Spartacus” ရုပ်ရှင်တွေနဲ့ ၁၉၅၀ ပြည့်လွန်နှစ်တွေမှာ ဝင်ငွေကောင်းတဲ့ ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူဟာ စွန့်ပစ်ထားခဲ့တဲ့ သားဖြစ်သူနဲ့ ပြန်လည်ဆက်သွယ်ဖု့ိ ကြိုးစားတဲ့ ဟောလိဝုဒ် ဒါရိုက်တာ အဖြစ် သရုပ်ဆောင်ထားတဲ့ “Illusion” ရုပ်ရှင်ကို ၂၀၀၄ ခုနှစ်မှာ နောက်ဆုံးအနေနဲ့ သရုပ်ဆောင်ခဲ့ပါတယ်။
မင်းသားကြီး Douglas ဟာ ၁၉၉၆ ခုနှစ်မှာ လေဖြတ်ဝေဒနာကို ခံစားခဲ့ရပေမယ့် အဲ့ဒီနောက်ပိုင်း ကျန်းမာရေး အထူးကောင်းမွန်ခဲ့ပါတယ်။ သူ့ထံမှာ အသက် ၆၅ နှစ်အရွယ် ဇနီး Anne Buydens နဲ့အတူ Joel, Eric နဲ့ Michael အမည်ရှိတဲ့ သား ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။
အခုလိုမျိုး မင်းသားကြီး ကွယ်လွန်ပြီလို့ဆိုတဲ့ သတင်းတွေကို ကြားသိခဲ့ရပြီးတဲ့နောက် နာမည်ကျော် တော်တော်များများ ဟာ လူမှုကွန်ရက်ပေါ်မှာ မင်းသားကြီးအတွက် ဝမ်းနည်း အမှတ်တရ စကားတွေ ပြောဆိုနေကြပါတယ်။
Ref: etcanada
You may also like these stories:
“Pirates of The Caribbean” ပရိသတ်တွေက Johnny Depp ကိုသာ အလိုရှိနေ
ပထမ Season မှာ အပိုင်း ၈ ပိုင်း ပါဝင်မယ့် Netflix ရဲ့ Resident Evil တီဗီစီးရီး
၅ ကြိမ်မြောက် အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းနဲ့ ၁၂ ရက်အကြာမှာ ကွာရှင်းလိုက်တဲ့ Pamela Anderson