ယခုနှစ် အကယ်ဒမီပေးပွဲအတွက် ရွှေကြို လူငယ်များခေါ်ယူမှုမှာ ယခင်နှစ်များကဲ့သို့ အနုပညာ မျိုးဆက်များကို ခေါ်ယူတာ မျိုးမဟုတ်တော့ဘဲ လျှောက်လွှာနဲ့တကွ ခေါ်ယူကာ ပရိသတ်ရဲ့ Voting စနစ်ဖြင့်ရွေးချယ်တဲ့အပေါ် သရုပ်ဆောင် မင်းမြတ်စိုးစံက အဆိုပါကိစ္စရပ်ဟာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်တခုလို မြင်မိတယ်လို့ ပြောပါတယ်။
“ဒါကတော့ ရုပ်ရှင်အစည်းအရုံးအတွက် ရန်ပုံငွေ ရှာတာပေါ့။ အဲဒါ တခြားအနေနဲ့ပဲ ရှာသင့်တယ်လို့ ကျနော်မြင်တယ်။ ဒီငွေရှာဖို့ကို စဉ်းစားရင်းနဲ့ Myanmar Idol ကို ကြည့်ပြီးတော့ Voting စနစ်မှာ ရန်ပုံငွေများရနိုင်လောက်တယ် အထင်နဲ့ လုပ်တယ်လို့ ကျနော် ထင်တယ်။ အနုပညာသမားလို့တောင် အမည် မခံဝံ့သေးတဲ့ ကလေးတွေကို ရုပ်ရှင်အစည်းအရုံးအတွက် ရန်ပုံငွေ လုပ်ပါတယ်ဆိုတာ အမည်းစက်လိုပဲ မြင်တယ်”
“ရေရှည်လုပ်ဖြစ်သွားမယ်ဆိုရင် ဒါဘာကြောင့် လုပ်ဖြစ်တာလဲဆိုတာထိ ဖြစ်သွားနိုင်တယ်။ ရှာမယ်ဆို တခြားဟာနဲ့ ရှာသင့်တယ်”လို့ သရုပ်ဆောင် မင်းမြတ်စိုးစံက ပြောပါတယ်။
ရွှေကြိုမောင်မယ်များအား Voting စနစ်ဖြင့် ခေါ်ယူတာဟာလည်း ရုပ်ရှင်အစည်းအရုံးရဲ့ အသုံးမကျမှုကြောင့် သေချာတိုးတက်အောင် မလုပ်ပေးခဲ့တာကြောင့်လို့ ထင်မိတယ်ကြောင်း ပြောပါတယ်။
“ဒီလိုရှာရတာလည်း သူတို့တွေ အသုံးမကျခဲ့တာလေ။ ဗီဒီယိုလောက ပျက်စီးခဲ့တာလည်း ရုပ်ရှင်အစည်းအရုံးက သေချာတိုးတက်အောင် မလုပ်ခဲ့ပေးလို့လို့ ထင်တယ်။ ရုပ်ရှင်ဆိုလည်း အခု တဖြည်းဖြည်းနဲ့ ဆုတ်ယုတ်လာတယ်။ တိုးတက်ဖို့က ကွာလတီ တိုးတက်ဖို့ပဲ မဟုတ်ဘဲနဲ့ ဒီရုပ်ရှင် ထုတ်လုပ်သူတွေအတွက်ပါ ပံ့ပိုးပေးသင့်တယ်”
“အဲဒါမှလည်း ထုတ်လုပ်သူတွေက ထုတ်နိုင်မယ်။ အခုဆိုရင် ထုတ်လုပ်သူတွေက မထုတ်နိုင်ဘဲနဲ့ ပိုက်ပြီးကျန်ခဲ့တဲ့ ဇာတ်ကားတွေဆိုရင် ရာချီနေပြီ။ ဘာမဆိုင်တဲ့ ရွှေကြိုတွေကို လုပ်ပေးနေတာထက် ရုပ်ရှင်တွေကို တိုးတက်အောင် လုပ်ပေးတာက ကျနော်တို့အတွက်လည်း အဆင်ပြေမှာပါ”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
အကယ်ဒမီပေးပွဲအတွက် ဗန်းကိုင်မယ့် ရွှေကြိုများကို ဒီလောက်ထိ လုပ်ပေးစရာ မလိုဘဲ အခုလို သီးသန့်အချိန်ပေးတာဟာ အချိန်ကုန်စေတယ်လို့ ဆိုပါတယ်။
“ကျနော့်အမြင်ကတော့ ဗန်းကိုင်က ဗန်းကိုင်အဆင့်မှာပဲ ရှိတယ်။ သူတို့ Level ကပေါ့။ မလိုအပ်ဘဲနဲ့ ကြီးကျယ်ခမ်းနားစွာ လုပ်ပြနေစရာ အကြောင်းမရှိဘူးလို့ ထင်တယ်။ ဗန်းကိုင်တွေကို အကယ်ဒမီပေးပွဲမှာ သူတို့နာမည်တွေ ခေါ်တယ်။ ဒီဇိုင်နာ နာမည်တွေ ခေါ်တယ်။ ပြီးတော့ Round တခါလျှောက်တယ်။ ဒါအကယ်ဒမီပေးပွဲလေ၊ ဖက်ရှင်ရှိုးမှ မဟုတ်တာ”
“ပြီးရင် စင်ရောက်မှ လူသွားကြိုတာတို့နဲ့ သူတို့ကိုအချိန် သီးသန့်ပေးနေရတာ အချိန်တွေကုန်တယ်လို့ ထင်တယ်။ နိုင်ငံတကာပွဲတွေမှာဆို ဒါမျိုးတွေ မရှိတော့ဘူးလို့ ထင်တယ်။ ဟောလိဝုဒ်မှာဆို ဗန်းကိုင်တွေဘာတွေ မရှိတော့ဘူး။ ဆုကြေညာပြီး တခါတည်း ပေးလိုက်တယ်”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
ဆက်လက်ပြီး “မြန်မာပြည်မှာက ဒါကြီးကို အချိန်ဆွဲပြီးတော့ ရွှေကြိုတွေအတွက် သီးသန့်ပွဲ လုပ်ပေးနေသလိုဖြစ်တယ်။ နောက်ပြီးတော့ ဒီလိုပွဲကြီး လုပ်ပေးလိုက်တဲ့အတွက် အကယ်ဒမီကို Focus မဖြစ်ဘူး။ ရွှေကြိုကို Focus ဖြစ်ပြီးတော့ အခုလိုလုပ်တဲ့ Voting စနစ်သာ အောင်မြင်သွားမယ်ဆိုရင် နောက်ပိုင်းတွေ အကယ်ဒမီပွဲက စိတ်ဝင်စားစရာ မကောင်းဘဲနဲ့ ရွှေကြိုပွဲက စိတ်ဝင်စားစရာကောင်းတဲ့ပွဲ ဖြစ်သွားနိုင်တယ်။ ဒါကတော့ ကျနော် မြင်မိတာပေါ့”လို့ ပြောပါတယ်။
အခုလို ပြောဆိုမှုများကြောင့် ကိုယ်တိုင်လည်း ကြိုးစားနေဆဲ သရုပ်ဆောင်ဖြစ်တဲ့အတွက် ရုပ်ရှင်အစည်းအရုံးနဲ့ အဆင်မပြေ ဖြစ်သွားနိုင်တာမျိုး ရှိနိုင်မလားဆိုတာကိုလည်း မင်းမြတ်စိုးစံက အခုလို ပြောပါတယ်။
“အဓိကက ကျနော်က သူတို့ကို ဝေဖန်ပြီးတော့ ပုတ်ခတ်နေတာ မဟုတ်ဘူး။ ထောက်ပြနေတာ။ မှားနေတယ်လို့ လူငယ်တယောက်အနေနဲ့ ထောက်ပြနေတာ။ အခုတောင်မှ ရုပ်ရှင်အစည်းအရုံးမှာ သူတို့ အချင်းချင်း အဆင်မပြေကြတာလည်း ရှိတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်းပဲ။ တခေါက် အဆင်မပြေဘူးဆို တသက်လုံး မတည့်တော့ဘူး”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
မင်းမြတ်စိုးစံ ကိုယ်တိုင်လည်း ဗီဒီယိုလောက ပျက်သွားတဲ့အချိန်မှာ ခေါင်းဆောင်မင်းသား တယောက်အနေနဲ့ သရုပ်ဆောင်ထားတဲ့ ဗီဒီယို ၄ ကား ထွက်ရှိဖို့ မဖြစ်နိုင်တော့ဘဲ လက်ရှိမှာတော့ ရုပ်ရှင်တကား ရုံတင်ရန်လည်း ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။
“ကျနော်လည်း ခံစားချက် ရှိတယ်။ ဗီဒီယိုလောက ပျက်သွားတဲ့အချိန်မှာ ကျနော်ခေါင်းဆောင် ရိုက်ထားတဲ့ ဗီဒီယိုဇာတ်ကား ၄ ကားလောက် မြှုပ်နေတာ ဘာမှလုပ်လို့လည်း မရဘူး။ ထွက်မယ်ဆိုလည်း ကိုယ်ကခွေဖိုးနဲ့ ပြန်ရှူံးဖို့ပဲရှိတာ။ ဒီနှစ်ထဲမှာဆို မနှစ်က ရိုက်ထားတဲ့ ရုပ်ရှင် ရှိတယ်။ ပြောရမယ်ဆိုရင် ရုပ်ရှင်အစည်းအရုံးဆိုတာ နိုင်ငံတနိုင်ငံအတွက် အဖွဲ့အစည်းတခုပဲ”
“ကျနော်တို့အတွက် ကမ္ဘာငယ်တခုပဲ။ နိုင်ငံတနိုင်ငံမှာ ခေါင်းဆောင် မကောင်းဘူးဆိုရင် အကုန်လုံး ဒုက္ခရောက်မှာပဲ။ သူတို့တွေ မကောင်းလို့ ဒါရိုက်တာတွေ၊ သရုပ်ဆောင်တွေ အရင်က ဟုန်းဟုန်းတောက်နေတဲ့ မင်းသား၊ မင်းသမီးတွေ ဘာမှ အလုပ်မရှိဘူး။ သူတို့ ညံ့ခဲ့လို့ပေါ့”လို့ မင်းမြတ်စိုးစံက ပြောပါတယ်။
မင်းမြတ်စိုးစံကတော့ “Dimensions” ၊ “မြို့ပြမုဆိုးများ” ရုပ်ရှင်ဇာတ်ကားများနဲ့ “လိပ်ပြာ (အမှန်တရားရဲ့ဓားတလက်)” စတဲ့ ဇာတ်လမ်းတွဲများနဲ့ ပရိသတ် သိရှိခဲ့တဲ့ သရုပ်ဆောင်တယောက် ဖြစ်ပါတယ်။
You may also like these stories:
အွန်လိုင်းပေါ်မှာ ဈေးဗန်းခင်းတဲ့အကြောင်း ပြောပြတဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေ
ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ဆေး ထုတ်လုပ်နိုင်သူကို ယွမ် ၁ သန်းချီးမြှင့်မယ့် ဂျက်ကီချန်း
ဝါရင့်သရုပ်ဆောင်တွေနဲ့ သရုပ်ဆောင်တဲ့အခါ ပရိသတ်လို ခံစားရတဲ့ မေမီကိုကို