ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဖြန့်ချိခဲ့တဲ့ ရုပ်ရှင်တကားမှာ မင်းသား Joaquin Phoenix ဟာ ပျက်စီးနေဆဲ ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ ဆရာဝန်တဦးအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ အဲ့ဒီ ရုပ်ရှင်ကတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်လို့ အလျင်အမြန် ဆောင်ရွက်ကြဖို့ ဟောလိဝုဒ် ထုတ်လုပ်ရေးကနေ ဖန်တီးလိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတိုလည်း ဖြစ်ပါတယ်။
Joker မင်းသား Joaquin ဟာ ၂ မိနစ်ကြာမြင့်တဲ့ “Guardians of Life” ဆိုတဲ့ ရုပ်ရှင်ကို ထုတ်လုပ်ဖို့ အမေဇုန် မိုးသစ်တော ကာကွယ်ရေး ကမ်ပိန်း လုပ်ဆောင်နေတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် Amazon Watch အဖွဲ့နဲ့ ပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားရေးအဖွဲ့ဖြစ်တဲ့ Extinction Rebellion တို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။
လော့စ်အင်ဂျလိစ်မြို့မှာ ရှိတဲ့ အရေးပေါ်အခန်း တခန်းမှာ ရိုက်ကူးခဲ့တဲ့ အဲ့ဒီရုပ်ရှင် ဇာတ်ကားတိုမှာတော့ ရာသီဥတု ပြောင်းလဲမှု၊ သစ်တောပြုန်းတီးမှုနဲ့ သြစတြေးလျကနေ အမေဇုန်အထိ တောမီးတွေ တောက်လောင်ခဲ့တာကို ကိုယ်စားပြုတဲ့ ရောဂါ လက္ခဏာတွေနဲ့ လူနာတဦးကို ကယ်တင်ဖို့ ကြိုးပမ်းနေတဲ့ ဆရာဝန်တွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
လူသားတွေကြောင့် ကမ္ဘာကြီး ပူနွေးလာရာကနေ ပြင်းထန်တဲ့ ထိခိုက်မှုအတွက် လူထုစိတ်ဝင်စားမှု မြင့်တက်လာစေဖို့ လှုံ့ဆော်နေတဲ့ မင်းသား Joaquin က “အရေးယူဆောင်ရွက်ဖို့ တောင်းဆိုရတော့မယ့် အချိန်ပါ။ ကျနော်တု့ိရဲ့ ထုတ်ယူ စားသုံးမှုတွေကို အပြောင်းအလဲ လုပ်ပြီး အခုကစလို့ လုပ်ဆောင်မယ်ဆိုရင် အချိန်ရှိသေးတယ်ဆိုတာ လူတွေက သဘောမပေါက်ကြပါဘူး။ ကျနော်တို့အတွက် အဲ့ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ အစိုးရတွေကို ထိုင်စောင့်မနေနိုင်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာ ထူထောင်ထားတဲ့ Extinction Rebellion အဖွဲ့ကတော့ လူထုရဲ့ မနာခံမှုကနေ ရာသီဥတုဆိုင်ရာ တက်ကြွလှုပ်ရှားစိတ်ကို မြှင့်တင်ပေးနေတာပါ။ မင်းသား Joaquin ကိုယ်တိုင်ဟာလည်း “Joker” ရုပ်ရှင်နဲ့ ရွှေကမ္ဘာလုံးဆုကို ရရှိခဲ့ပြီး ရက်အနည်းငယ်အကြာ ပြီးခဲ့တဲ့ လတုန်းကလည်း ဝါရှင်တန် မြို့တော်မှာပြုလုပ်တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲတခုမှာ အဖမ်းခံခဲ့ရပါသေးတယ်။
ရုပ်ရှင်ဇာတ်ကားတို ၁၂ ကားအထိ ဖန်တီးဖို့ စီစဉ်ထားတဲ့အထဲက ပထမဆုံးဇာတ်ကား “Guardians of Life” မှာတော့ စက်မှုလုပ်ငန်းတွေရဲ့ ထိခိုက်မှုတွေကြောင့် သန်းနဲ့ချီတဲ့ မျိုးတုံး ပျောက်ကွယ်လုနီးပါး တိရိစ္ဆာန်မျိုးစိတ်တွေနဲ့ အပင်တွေကို လေ့လာနေတဲ့ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်တွေ၊ မိမိတို့ဒေသရင်းကို ကာကွယ်နေကြတဲ့ ဌာနေ တိုင်းရင်းသားတွေရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍကို ထောက်ပြထားပါတယ်။
ရုပ်ရှင်ထဲမှာ မင်းသား Joaquin နဲ့အတူ ပါဝင်လာသူတွေကတော့ Rosario Dawson, Matthew Modine နဲ့ Oona Chaplin တို့ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Shaun Monson က ရိုက်ကူးထားတာ ဖြစ်ပြီး ကိုယ်ကျိုးမဖက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ Mobilize Earth က ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားတိုတွေဟာ Extinction Rebellion နဲ့ Amazon Watch တု့ိအတွက် ရန်ပုံငွေ ရရှိရေး ရည်ရွယ်တာလည်း ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင် ထိပ်ဆုံးမှ ဦးဆောင်
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ