ယခုနှစ် အကယ်ဒမီ ရွှေကြို ရွေးချယ်ပွဲမှာ ဒိုင်အဖြစ် ပါဝင်ခဲ့တဲ့ ဝါရင့် ဇာတ်ပို့သရုပ်ဆောင် အေးအေးခိုင်က ရွှေကြိုပြိုင်ကြသူတွေနဲ့ ပတ်သက်ပြီး သရုပ်ဆောင်ကောင်းတွေ အများကြီး ထွက်လာမယ်လို့ ဆိုပါတယ်။
“ရွှေကြိုမှာ ဒိုင်အဖြစ် ပါဝင်ရွေးချယ်ပေးခဲ့တယ်။ ကလေးတွေက ချစ်စရာလေးတွေ၊ တော်တဲ့ကလေးတွေ အများကြီးပဲ။ ကလေးတွေမှာ အရည်အချင်းရှိတွေ ရှိကြတယ်။ ရွှေကြို မဟုတ်တောင် သရုပ်ဆောင်ကောင်းတွေ အများကြီး ထွက်လာမှာပါ။ Voting စနစ်နဲ့က ဘယ်လိုပြောရမလဲ သူ့ခေတ်နဲ့ သူ့အခါပေါ့။ ဒီခေတ်မှာ ဒါခေတ်စားတော့လည်း ပြောလို့ မရဘူးလေ။ အချိန်နဲ့အမျှ ပြောင်းလဲနေတာဆိုတော့လည်း သိပ်တော့ မဝေဖန်ချင်ပါဘူး”လို့ အေးအေးခိုင်က ပြောပါတယ်။
အေးအေးခိုင်ကတော့ မကြာခင် “ရပ်ကွက်ကြီး (၅)” ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ဖို့ ရှိနေပြီး ဒီဇာတ်လမ်းနဲ့ ပတ်သက်ပြီးလည်း အခုလိုပဲ ဆိုပါတယ်။
“ရပ်ကွက်ကြီး (၅) ဇာတ်ကားမှာတော့ ယောကျာ်းဆုံးသွားပြီး လေထိုးကျွတ်ဖာ အလုပ်ကို လုပ်ကိုင်စားသောက်ရတဲ့ ကာရိုက်တာပေါ့။ ပျော်စရာကားလေးပါပဲ။ ပျော်စရာဆိုပေမယ့် ဟိုဘက်မှာ ကားရိုက်ရှိတော့ သိပ်ကြာကြာ မပျော်ရဘူး”လို့ အေးအေးခိုင်က ပြောပါတယ်။
ဆက်လက်ပြီး အေးအေးခိုင် လတ်တလော သူရင်ဆိုင်နေရတဲ့ ငွေကြေးလိမ်လည်မှု အခြေအနေအကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“ကျမကလည်း လူထဲက လူပဲဆိုတော့ ဒုက္ခတွေဆိုတာ ကြုံရမှာပဲ။ သံသရာ ရထားကြီးလိုပေါ့နော်။ အချိန်တခုပါပဲ။ ကိုယ့်အကြောင်းကို ဘုရားသိတယ်။ ကိုယ်စောင့်နတ်သိတယ်။ ကိုယ့်အပေါ် ချစ်တဲ့သူ၊ မုန်းတဲ့သူ အားလုံးကို မေတ္တာမပျက်ပါဘူး။ ကျမရဲ့ ထမင်းရှင်တွေအားလုံးကိုလည်း အမြဲတမ်း ဆုတောင်းမေတ္တာ ပို့ပေးပါတယ်။ ကိုယ်ကတော့ လူတိုင်းအပေါ် ဖြူဖြူစင်စင်ထားပေမယ့် ကိုယ့်အပေါ်မှာ လူတိုင်းက ဖြူချင်မှ လည်း ဖြူမယ်”
“ကိုယ်ကတော့ ပုံမှန်အတိုင်းပဲ ဆက်ဆံတယ်။ ဒါတွေကို အရင်တုန်းကတော့ သိပ်မသိဘူး။ နောက်ပိုင်း ကျတော့မှ ဘဝဒဏ်တွေကို ရင်ဆိုင်လာရတာနဲ့အမျှ နားလည်လာတာတွေတော့ ရှိတာပေါ့။ အရာရာသည် ကိုယ့်စိတ်လည်း မဟုတ်ဘူး။ ကိုယ်လုပ်လို့ မရတဲ့ အရာတွေမှန်း သိလာတော့ ကိုယ်က နည်းနည်းတော့ နောက်ကျသွားတာပေါ့”လို့ အေးအေးခိုင်က ပြောပါတယ်။
သရုပ်ဆောင် အေးအေးခိုင်ကတော့ ဟာသ သရုပ်ဆောင်အဖြစ် ဇာတ်ကားတွေမှာ ပါဝင်ပြီး ပရိသတ် အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တဦး ဖြစ်ပါတယ်။ အေးအေးခိုင်မှာ သားလေးတဦး ပိုင်ဆိုင်ထားပြီး၊သားလေး ၆ နှစ်အရွယ်ကတည်းက ခင်ပွန်းဖြစ်သူ ကွယ်လွန်ခဲ့တာကြောင့် မိခင်တယောက်တည်း အင်အားနဲ့ ကျွေးမွေး စောင့်ရှောက်ခဲ့ရတယ်လို့ ဆိုပါတယ်။
You may also like these stories:
“ရွှေကြိုခေါ်ပြီး ရန်ပုံငွေရှာတာ ရုပ်ရှင်အစည်းအရုံးအတွက် အမည်းစက်ပဲ”လို့ မင်းမြတ်စိုးစံ ပြော
၂၀၁၉ အကယ်ဒမီအတွက် ကနဦး ရွေးချယ်ခံရတဲ့ ရွှေကြိုမောင်မယ်တို့ရဲ့ စကားသံများ