“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ ရှင်နှင်းညိုဆိုတဲ့ ကောင်မလေးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အိန်ဂျယ်လမုန်က ပြန်ကြည့်ချိန်မှာ လိုအပ်တာတွေ ရှိသေးတယ်လို့ ခံစားရကြောင်း ပြောပါတယ်။
“အချစ်ဖြင့်လွမ်းစေ ဇာတ်ကားအတွက် ဇာတ်ညွှန်းကိုလည်း ဖတ်ကြည့်ချိန်မှာ အရမ်းသဘောကျလို့ အိန်ဂျယ်လည်း ရိုက်ဖြစ်တယ်။ ရုပ်ရှင်အဖြစ် ပြောင်းမယ်လို့ မသိခဲ့ဘူး။ စီးရီးတခုလုံးကို ပြောင်းဖို့ တိုင်ပင်ကြတော့လည်း အိန်ဂျယ်တို့က အဆင်ပြေပါတယ်ပေါ့။ စီးရီးတခုလုံးကို ၂ နာရီစာ ဖြတ်တယ်ဆိုတော့ လွယ်တော့ မလွယ်ဘူး။ ဖြတ်ရတဲ့ အခန်းတွေ များသွားတာလည်း ရှိတယ်။ ဇာတ်အိမ် မပျက်ဘဲနဲ့ ကြည့်ရတယ်လို့တော့ မြင်ပါတယ်”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
ဒီဇာတ်ကားမှာ သရုပ်ဆောင် ဒေါင်းနဲ့အတူ တွဲဖက် သရုပ်ဆောင်ထားတဲ့အပေါ်ကိုလည်း အိန်ဂျယ်လမုန်က အခုလိုပဲ ဆိုပါတယ်။
“ကိုဒေါင်းနဲ့က အရှေ့မှာလည်း အတူရိုက်ဖူးတော့ သူနဲ့ကျတော့ အပေးအယူက မျှနေပြီးသားပေါ့နော်။ အရှေ့ကားမှာ သူနဲ့ အိန်ဂျယ်နဲ့က အမြဲတမ်း ရိုက်နေရတာဆိုတော့။ ဒီဇာတ်ကားမှာလည်း အပေးအယူ မျှတယ်။ မသုတို့၊ ကိုဒေါင်းတို့နဲ့ မို့ ကိုယ့်အိုက်တင်တွေ လျော့နေမှာလည်း ကြောက်တယ်။ လိုအပ်တာတွေ ရှိတယ်လို့တော့ ခံစားရတယ်။ ကြိုးစားပြီးတော့ အကောင်းဆုံး သရုပ်ဆောင်ထားပါတယ်”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
နောက်ထပ် ရိုက်မယ့် ဇာတ်ကားတွေမှာ အိန်ဂျယ်လမုန်က ဗီလိန် ကာရိုက်တာ သရုပ်ဆောင်ဖို့ရှိပြီး မျက်နှာသစ်တယောက် ဖြစ်တာကြောင့် ကာရိုက်တာကို ရွေးချယ်လို့ မရဘူးလို့ ဆိုပါတယ်။
“၃ လပိုင်းမှာ ရိုက်မယ့် ဇာတ်ကားမှာတော့ အပြင်က ဇာတ်ကောင်နဲ့ ကွဲထွက်မယ့် ကာရိုက်တာပေါ့။ ဗီလိန်ပုံစံမျိုးပါ။ ဗီလိန် ရိုက်မယ်ဆိုရင် ပရိသတ်တွေ မုန်းသွားမှာ ကြောက်ကြတယ်။ အိန်ဂျယ်က မျက်နှာသစ်တယောက် ဖြစ်တဲ့အတွက် အများကြီး ရွေးချယ်စရာ မရှိဘူး။ ဒါပေမဲ့ ကိုယ့်ကို လာကမ်းလှမ်းတဲ့ အနုပညာအလုပ်မှာ ပရိသတ်ကို ကောင်းကောင်း ချမပြနိုင်တဲ့ အရာမျိုးဆိုရင်တော့ ပယ်တယ်”
“အခု ဗီလိန်ဇာတ်ရုပ်ကလည်း ပရိသတ်တွေကို ကောင်းကောင်းမွန်မွန် ချပြလို့ရမယ့် ကာရိုက်တာဖြစ်လို့ လက်ခံလိုက်တာပါ။ နည်းနည်းတော့ စိုးရိမ်စိတ်တော့ ရှိတာပေါ့။ မျက်နှာက ချိုချိုလေးဆိုတော့ ချစ်စရာကောင်းပြီးတော့ အနေအေးတဲ့ ကောင်မလေး၊ ဆရာဝန် ကာရိုက်တာ၊ ယောကျ်ားကို ချစ်တာ၊ ချစ်သူကို ပေးဆပ်တာ၊ အဖြည့်ခံတာ ဒီကာရိုက်တာတွေပဲများတော့ ဗီလိန်ဇာတ်ရုပ်ကို လုပ်ကြည့်ချင်တယ်”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
အဆိုပါ ဗီလိန် ကာရိုက်တာအတွက် ကြိုတင် ပြင်ဆင်လေ့လာနေပုံကိုလည်း အိန်ဂျယ်လမုန်က အခုလိုပဲ ဆိုပါတယ်။
“ကိုရီးယားဇာတ်ကားတွေထဲမှာဆိုရင် မျက်နှာလေးက အေးအေးလေးနဲ့ အတွင်းထဲမှာ ကောက်နေတဲ့လူတွေ အများကြီးရှိတယ်ဆိုတော့ ကိုယ်လည်း လုပ်ကြည့်မယ်ပေါ့နော်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကြုံခဲ့ဖူးတာဆိုတော့ သူတို့ဆီကနေ ကိုယ်က နမူနာယူရမှာပေါ့။ ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးသွားတဲ့သူတို့၊ ကိုယ့်အရင်းနှီးဆုံးပေါ့။ မျက်နှာကတော့ လုံးဝ မထင်ရပေမယ့် ကိုယ့်ကို ဒီလို လုပ်သွားတယ်ဆိုပြီးတော့ စိတ်မကောင်းဘူး။ ဒါပေမဲ့ ဒီဇာတ်ကားရိုက်ရင်တော့ အထောက်အကူဖြစ်မယ် ထင်ပါတယ်”လို့ အိန်ဂျယ်လမုန်က ပြောပါတယ်။
သရုပ်ဆောင် အိန်ဂျယ်လမုန်ကတော့ အနုပညာလောကထဲကို မော်ဒယ်အနေနဲ့ စတင် ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ TV ကြော်ငြာတွေ အများကြီး ရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ရုံတင်ပြသမယ့် “အချစ်ဖြင့်လွမ်းစေ” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင် ဒေါင်း၊ ပိုင်ဖြိုးသုတို့နဲ့ အတူ အိန်ဂျယ်လမုန် ပါဝင်သရုပ်ဆောင်ထားပါတယ်။
You may also like these stories:
၁၂ နာရီစာ ဇာတ်လမ်းတွဲကို ၂ နာရီကြာ ရုပ်ရှင်ကားအဖြစ် ပြန်လည် ပြသမယ့် “အချစ်ဖြင့်လွမ်းစေ”
“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု