စူပါဟီးရိုး Harley Quinn ဇာတ်ကောင်အကြောင်း ဇာတ်အိမ်တည်ထားတဲ့ “Birds ဝf Prey” ရုပ်ရှင်ဟာ အမေရိကန်နိုင်ငံမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၄၀၀၀ ကျော်မှာ ဝင်ငွေဒေါ်လာ ၃၃ ဒဿမ ၂၅ သန်းသာ ရရှိခဲ့လို့ ပွဲဦးထွက်ချိန်မှာပဲ ခန့်မှန်းထားတာထက် ဝင်ငွေလျော့နည်းတဲ့ အနေအထားမျိုး ဖြစ်ခဲ့ပါတယ်။
၂၀၁၆ ခုနှစ်က “Suicide Squad” ရဲ့နောက်ဆက်တွဲ ရုပ်ရှင်မှာတော့ မင်းသမီး Margot Robbie က Harley Quinn အဖြစ် သရုပ်ဆောင်ထားပြီး အခုရုပ်ရှင်က DC Extended Universe မှာရှိတဲ့ ရုပ်ရှင်တွေထဲ အဖွင့်ဝင်ငွေ အဆိုးဆုံး ဖြစ်ခဲ့ပါတယ်။ “Birds of Prey” ရုပ်ရှင်ဟာ ပွဲဦးထွက်ဝင်ငွေ ဒေါ်လာ ၁၃၃ သန်းရရှိခဲ့တဲ့ သူ့အရင် ဇာတ်လမ်းထက် သုံးသပ်ချက်တွေ ကောင်းခဲ့တာကြောင့် အခုလိုအခြေအနေက အံ့သြသင့်စရာ ဖြစ်ခဲ့ရပါတယ်။
ဒါပေမဲ့ “Suicide Squad” ရုပ်ရှင်ဟာ PG-13 အဆင့်ရုပ်ရှင်ဖြစ်ပြီး Joker လိုမျိုး ဇာတ်ကောင်ကို အသားပေးထားပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်မြှင့်တင်ရေးနဲ့ ဖြန့်ချိရေး ကုန်ကျစရိတ်တွေ မပါသေးဘဲ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ သန်း ၈၀ ရှိတဲ့ “Birds Of Prey” ရုပ်ရှင်ဟာ လောလောဆယ် သူနဲ့ ယှဉ်ပြိုင်မယ့် ဇာတ်ကား မရှိသေးတာကြောင့် လာမယ့် သီတင်းပတ်တွေအတွင်းမှာတော့ အခြေအနေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်။
လောလောဆယ် နိုင်ငံတကာ ဈေးကွက် ၇၈ ခုမှာတော့ ဒေါ်လာ ၄၈ သန်း ဝင်ငွေ ရရှိထားပါတယ်။ ဒါပေမဲ့ အရှေ့တောင်အာရှဒေသအချို့မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူဝင်နှုန်းကို ထိခိုက်စေခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွက် ရုပ်ရှင်အသစ်တကားသာ ထွက်ရှိလာခဲ့ပြီး “Birds of Prey” ရုပ်ရှင်က ရုံဝင်ငွေ စာရင်းထိပ်ဆုံးမှာ ရပ်တည်ခဲ့ပါတယ်။ သီတင်း ၃ ပတ်ကြာ ရုံဝင်ငွေစာရင်း ထိပ်ဆုံးမှာ ရပ်တည်ခဲ့တဲ့ Sony ရုပ်ရှင် ထုတ်လုပ်ရေးရဲ့ “Bad Boys For Life” ရုပ်ရှင်ကတော့ ဒေါ်လာ ၁၂ သန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
တတိယမြောက် နောက်ဆက်တွဲရုပ်ရှင်မှာတော့ Will Smith နဲ့ Martin Lawrence တို့ ပါဝင်ထားကြပြီး ဝင်ငွေဒေါ်လာ ၁၆၆ သန်းရရှိထားပြီး ဖြစ်ပါတယ်။
အော်စကာဆုပေးပွဲမတိုင်မီ Universal ရဲ့ “1917” ရုပ်ရှင်ကတော့ တတိယနေရာမှာ ဒေါ်လာ ၉ သန်းနဲ့ ရပ်တည်နေပါတယ်။ ဒါရိုက်တာ Sam Mendes ရိုက်ကူးတဲ့ ပထမ ကမ္ဘာစစ်နောက်ခံ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၁၃၂ သန်းရရှိထားပြီးလည်း ဖြစ်ပါတယ်။
“Dolittle” ရုပ်ရှင်ကတော့ စတုတ္ထနေရာမှာ ဒေါ်လာ ၆ ဒဿမ ၆ သန်း ရရှိထားပါတယ်။ Sony ရဲ့ “Jumanji: The Next Level” ရုပ်ရှင်ကတော့ ဝင်ငွေဒေါ်လာ ၅ သန်းနဲ့ ပဉ္စမ နေရာမှာ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာကတည်းက ပြသခဲ့တဲ့ အဲ့ဒီရုပ်ရှင်ဟာ ဝင်ငွေ ဒေါ်လာ ၂၉၈ သန်းရရှိခဲ့ပြီးဖြစ်ပါတယ်။
Ref: CNA Lifestyle
You may also like these stories:
အော်စကာဆု ဆန်ခါတင်စာရင်းမှာ “Joker” ရုပ်ရှင် ထိပ်ဆုံးမှ ဦးဆောင်
မင်းသား Jared Leto သရုပ်ဆောင်ခဲ့တဲ့ Joker အတွက် မကျေမနပ် မဖြစ်ခဲ့ဖူးဘူးလို့ ဒါရိုက်တာ ပြော
“The Suicide Squad” ရုပ်ရှင်အသစ်မှာ ပါဝင်ဖို့ ဆွေးနွေးနေတဲ့ John Cena