ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက်လင်းချိန် ခန့်စလို့ အမေရိကန်နိုင်ငံ အနောက်ဘက်အခြမ်းက၊ ဟောလိဝုဒ်မှာ ကမ္ဘာ့အထင်ကရ အော်စကာရုပ်ရှင်ဆုပေးပွဲကို ကျင်းပခဲ့ပြီး ကမ္ဘာ့ပထမဆုံး သမိုင်းမှတ်တမ်းတွေ တင်ခဲ့တာကို တွေ့ရပါတယ်။
မင်းသား ဘရတ်ပစ်က အစပြုလို့ အဆိုတော်ကြီး အယ်လ်တန်ဂျွန်၊ မင်းသမီး ချားလစ်သီရွန်၊ မင်းသား လီယိုနာဒို ဒီကာပရီယို၊ မင်းသမီး စကားလက် ဂျိုဟန်ဆန်နဲ့ ဒါရိုက်တာ Martin Scorsese တို့လို့ တကယ့် ထိတ်ထိတ်ကြဲတွေ တက်ရောက်ကြတဲ့ အခု ဆုပေးပွဲမှာတော့ လူသိနည်းတဲ့ သရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတဲ့ ကိုရီးယား စကားပြော “Parasite” ရုပ်ရှင်က ဟောလိဝုဒ်ရဲ့ နာမည်အကြီးဆုံး အနုပညာရှင်တွေကို ကျော်တက်ပြီး ဆန်ခါတင်စာရင်းဝင်တဲ့ ဆု ၄ ဆုလုံးကို ထိုက်ထိုက်တန်တန် ပိုင်ဆိုင်ရရှိခဲ့ပါတယ်။
ဒီနှစ်မှာ သူမှ မရရင် ဆုပေးပွဲ အထမမြောက်ဘူးလို့ ဆိုကြတဲ့ Joker မင်းသား Joaquin Phoenix ကတော့ သူ့ရဲ့ အထီးကျန်လူရွှင်တော် ဇာတ်ကောင်နဲ့ပဲ အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကို ရရှိသွားပါတယ်။ အကောင်းဆုံး ဇာတ်ဆောင်မင်းသမီးဆုကိုတော့ Judy ရုပ်ရှင်ထဲက မင်းသမီး Renee Zellweger က သူ့အတွက် ဒုတိယမြောက် အော်စကာဆုအဖြစ် ရရှိသွားပါတယ်။
အခုဆုပေးပွဲမှာ အားလုံး စိတ်ဝင်စားကြနေတာက အကောင်းဆုံးဇာတ်ကားဆု ဖြစ်ပါတယ်။ တကယ့် နာမည်ကျော် ဗြိတိသျှဒါရိုက်တာ Sam Mendes ရဲ့ ပထမကမ္ဘာစစ်နောက်ခံ “1917” ရုပ်ရှင်နဲ့ ဒါရိုက်တာ Quentin Tarantino ရဲ့ “Once Upon A Time In Hollywood” ရုပ်ရှင်တွေနဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်လာတာကတော့ ကိုရီးယားလူမှုဘဝကို သရော်တဲ့ ရုပ်ရှင် “Parasite” ဖြစ်ပါတယ်။
အဲ့ဒီဇာတ်ကားတွေထဲကမှ အာရှတိုက်အတွက် ဂုဏ်ယူစရာ တောင်ကိုရီးယားရုပ်ရှင်ဖြစ်တဲ့ “Parasite” က အကောင်းဆုံး ဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။ ဒါဟာ အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်ရှင်နဲ့ အကောင်းဆုံး ဇာတ်ကားဆု တပြိုင်တည်း ရရှိတဲ့ မှတ်တမ်းလည်း ဝင်သလို အင်္ဂလိပ်စကားပြောမဟုတ်တဲ့ ရုပ်ရှင်တခုက အကောင်းဆုံး ဇာတ်ကားဆုရရှိခဲ့တဲ့ မှတ်တမ်းလည်း ဝင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် အကောင်းဆုံး ဇာတ်ကားဆု ပထမဆုံးရတဲ့ ကိုရီးယားရုပ်ရှင်လည်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီရုပ်ရှင်ဟာ အကောင်းဆုံး ဒါရိုက်တာဆုအပါအဝင် နောက်ထပ် ဆု ၃ ခုကိုလည်း ရရှိခဲ့ပြန်ပါတယ်။
အဲ့ဒီရုပ်ရှင်ဒါရိုက်တာ Bong Joon Ho က သူ့ရဲ့ဆုလက်ခံရယူချိန် ပြောကြားတဲ့ စကားမှာတော့ သူနဲ့အတူ ဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့ ဒါရိုက်တာတွေကို ဂုဏ်ပြုကြောင်း ပြောဆိုပါတယ်။ သူက “ကျနော် ကျောင်းမှာတုန်းက Martin Scorsese ရဲ့ ရုပ်ရှင်ကို လေ့လာခဲ့ရပါတယ်။ အခုလိုမျိုး ဆန်ခါတင်စာရင်းမှာ ပါဝင်ရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ။ ကျနော် ဒီဆုကို ရရှိလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ပါဘူး”လို့ ဆိုပါတယ်။
အော်စကာသမိုင်းမှာတော့ ဒါရိုက်တာ Bong ဟာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့တဲ့ ဒုတိယမြောက် အာရှဒါရိုက်တာ ဖြစ်လာပါတယ်။ သူ့အရင် ရရှိခဲ့သူကတော့ “Life of Pi” ရုပ်ရှင်နဲ့ အကောင်းဆုံး ဒါရိုက်တာဆု ရရှိခဲ့တဲ့ အန်းလီ ဖြစ်ပါတယ်။
ဒါရိုက်တာ Bong က သူ့အတွက် ပထမဆုံး အော်စကာဆုကို အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဆုလက်ခံရရှိချိန် ပြောစကားမှာတော့ တောင်ကိုရီးယားအတွက် အောင်နိုင်မှု တခုဆိုပြီး ပြောဆိုခဲ့ပါတယ်။ အဲ့ဒီနောက် ဒုတိယမြောက် အော်စကာဆုကို အကောင်းဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်ဆု အဖြစ် လက်ခံရယူခဲ့ပါတယ်။ အခုလိုမျိုး ဆုတွေ အလီလီရရှိခဲ့တဲ့ ဒါရိုက်တာ Bong က “ကျနော် ဒီညကနေ နောက်နေ့ မနက်အထိ သောက်စားဖို့ အဆင်သင့်ဖြစ်ပါပြီ” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသား ဘရတ်ပစ်ကတော့ အကောင်းဆုံးဇာတ်ပို့ မင်းသားဆုကို ‘Once Upon A Time In Hollywood’ ရုပ်ရှင်နဲ့ ရရှိခဲ့ပါတယ်။ ဒါဟာ အနုပညာလုပ်ငန်းထဲမှာ ဆယ်စုနှစ် ၃ ခုကျော် ကျင်လည်နေပြီး အသက် ၅၆ နှစ်ရှိနေပြီဖြစ်တဲ့ မင်းသားအတွက် ပထမဆုံးရရှိတဲ့ သရုပ်ဆောင် အော်စကာဆုဖြစ်ပါတယ်။
‘Marriage Story’ ထဲက အိမ်ထောင်ကွာရှင်းမှုဆိုင်ရာ ရှေ့နေ အဖြစ်သရုပ်ဆောင်ထားတဲ့ မင်းသမီး Laura Dern က အကောင်းဆုံး ဇာတ်ပို့မင်းသမီးဆုကို ရရှိခဲ့ပါတယ်။ အကောင်းဆုံး ကာတွန်းရုပ်ရှင်ဆုကို ‘Toy Story 4’ ရုပ်ရှင်က ရရှိခဲ့ပါတယ်။
အော်စကာဆု ရရှိသူတွေကို ရုပ်ရှင်အနုပညာနဲ့ သိပ္ပံအကယ်ဒမီ အဖွဲ့ဝင် ၈၀၀၀ ကျော်က ရွေးချယ်ပေးတာ ဖြစ်ပြီး အခုနှစ်မှာလည်း ဒုတိယနှစ်မြောက်အဖြစ် အစီအစဉ် တင်ဆက်သူ မပါဘဲ ပွဲကို ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။
Ref: CNA Lifestyle
You may also like these stories:
Peter Pan ရုပ်ရှင်အတွက် Joaqin Phoenix ကို မျက်စိကျနေတဲ့ Disney
အမေရိကန် ရုံဝင်ငွေစာရင်းမှာ မျက်နှာပန်းမလှဖြစ်နေတဲ့ “Birds ဝf Prey” ရုပ်ရှင်
တေလာဆွစ်ဖ်ရဲ့ ဘဝအကြောင်းကို သိခွင့်ရမယ့် “Miss Americana” မှတ်တမ်းရုပ်ရှင်