Entertainment

အသက် ၇၅နှစ်ပြည့်မှာ Show ပွဲလုပ်ဖို့ စိတ်ကူးထားတဲ့ အကယ်ဒမီ ချိုပြုံး

အကယ်ဒမီ မင်းသမီးကြီးတဦးဖြစ်သလို တေးသံရှင်လည်းဖြစ်တဲ့၊ “အမေချို”လို့ အများက ချစ်စနိုးခေါ်ကြတဲ့ ချိုပြုံးကတော့ အသက် ၇၅ နှစ်ရောက်တဲ့အခါမှာ တကိုယ်တော် Show ပွဲလုပ်ဖို့ စိတ်ကူးထားတယ်လို့ သိရပါတယ်။

“အမေချို ဆန္ဒ ရှိတယ်။ အခုပွင့်လင်းရာသီကို ရောက်ခဲ့ပြန်တော့ သီချင်းကနေ့တိုင်း ဆိုရတော့ အသံကြီးကလုံးဝ Perfect မဖြစ်ဘူး။ အသက် ၇၄ နှစ်မှာ နားမှရမှာ။ မေချို့ကို စတိတ်ရှိုးတခု သတ်သတ်မှတ်မှတ် လုပ်စေချင်တယ်။ သမီးအကြီးက အရမ်းလုပ်စေချင်တယ်။ မနှစ်ကတည်းက လုပ်စေချင်တာ။ ဒါပေမဲ့ အမေချို့လည်ပင်းက အစိလေးက အခုမှ ဆေးသောက်ထားတာကြောင့် သီချင်းပြန်ဆိုနိုင်တာ။ အဲဒါကြောင့် မေမေ Perfect မဖြစ်သေးဘူးလို့ ဖြစ်ရင် ဆိုပေးမယ်” လို့ ချိုပြုံးက ပြောပါတယ်။

ဆက်လက်ပြီး “သူတို့က မေမေ့ကိုဒီမှာနေရင် မင်္ဂလာဆောင် ဘာညာဆိုရဖို့ရှိရင် ငြင်းလို့ မရဘူးလေ။ အဲဒါကြောင့် Show လုပ်ဖို့ သူတို့သေချာလုပ်ပြီးရင် အင်္ဂလန်ကို ၃ လလောက် ပို့ထားမယ်။ သေချာပြီးမှပြန်ခေါ်မယ်တဲ့။ အခု ၇၄ ဆိုတော့ ၇၅ မှာလုပ်လိုက်ဖို့ စိတ်ကူးတယ်” လို့ ချိုပြုံးက ပြောပါတယ်။

အဆိုပါပွဲအတွက် ချိုပြုံးရဲ့သားသမီးများက သတ်သတ်မှတ်မှတ်နဲ့ ဖြစ်စေချင်တာကြောင့် စီစဉ်နေပြီး ချိုပြုံးကတော့ လည်ပင်းမှာ ဖြစ်နေတဲ့ အစိလေးတခုကြောင့် ဆေးသောက်နေရတဲ့အတွက် လောလောဆယ် မလုပ်နိုင်သေးတာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ လူငယ်များရဲ့ ဂီတမျိုးစုံက ဖုံးလွှမ်းနေတာကြောင့် မြန်မာသံစဉ်ဘက်ကို မရောက်နိုင်ကြဘဲ ဖြစ်နေကြတာလို့ သိရပါတယ်။

“လူတွေတော်တော်များများက မြန်မာသံတွေ ကျသွားတယ် ထင်ကြတယ်။ မကျပါဘူး။ မြန်မာသံအဆိုတော်တွေက နေရာတကာတော့ မသွားနိုင်တော့တာ အမှန်ပဲ။ အသက်တွေကြီးကြပြီလေ။ မူရင်းအဆိုတော်တွေပေါ့။ မသွားနိုင်ကြတော့ဘူး” လို့ ချိုပြုံးက ပြောပါတယ်။

မြန်မာသံစဉ်ကိုတော့ ခံစားတတ်ရင် ကြိုက်ကြမှာပါလို့လည်း ချိုပြုံးက ဆိုပါတယ်။

“အခုခေတ်ကလေးတွေကိုက အွန်လိုင်းခေတ်ဆိုတော့ ဒုန်းဒုန်းဒုန်းဒုန်းတွေကို ကြိုက်ကြတာပေါ့နော်။ တချို့ မြန်မာသံကို ပျင်းတယ်လို့ ပြောကြတယ်။ မခံစားနိုင်ရင်တော့ ပျင်းမှာပါပဲ။ ရသ ၊ သီချင်းရဲ့စာသား ရင်ထဲက ခံစားပြီးဆိုတာကို ခံစားတတ်ရင် ကြိုက်မှာပဲ” လို့ ချိုပြုံးက ပြောပါတယ်။

လတ်တလောမှာတော့ မြန်မာသံအဆိုတော်များကို ဆုချီးမြှင့်ခြင်းခံရတဲ့အတွက်လည်း ဝမ်းသာမိပြီး မြန်မာသံစဉ်ကို လူငယ်မျိုးဆက်သစ်များက ဆိုလာကြတဲ့အတွက်လည်း ဂုဏ်ယူမိတယ်လို့ ချိုပြုံးကပြောပါတယ်။

You may also like these stories:

“အချစ်ဖြင့်လွမ်းစေ” ဇာတ်ကားမှာ အချစ်ကြီးတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတဲ့ ပိုင်ဖြိုးသု

မိုးမိုး(အင်းလျား)၇၅နှစ်ပြည့် မွေးနေ့အခမ်းအနားသို့ နိုင်ငံတော်အတိုင်ပင်ခံ နှုတ်ခွန်းဆက် စကားပို့

“သက်သေအတု မလုပ်တတ်ဘူး”လို့ သံစဉ်မောင် ပြော

Loading