မြန်မာဂီတကို မြတ်နိုးတဲ့ မြန်မာသံအဆိုတော် ဝိုင်းလမင်းအောင်က မြန်မာသံ တေးစီးရီးတွေက တော်တော် ရုန်းကန်နေကြရသလို မြန်မာသံစဉ်တွေကို အားပေးမှု နည်းလာတယ်လို့ ဆိုပါတယ်။
“မြန်မာ သံတေးစီးရီးတွေက တော်တော်တော့ ရုန်းကန်နေကြရတယ်။ နယ်တွေမှာလည်း မြန်မာသံစဉ်တွေဆိုပြီဆိုတာနဲ့ အဘိုး အဘွားတွေကအစ ပြန်သွားကြတယ်။ မြူးမြူးကြွကြွဆိုရင် အားပေးကြတယ်။ ကျနော်တို့ မြန်မာသံစဉ်တွေဆိုရင် ၁၀ ယောက်မှာ ၈ ယောက်လောက်က မကြိုက်ကြတော့ဘူး။ မြန်မာသံစဉ်တွေနဲ့ ပရိသတ်တွေ ထိတွေ့မှုရှိအောင် အဖွဲ့အစည်းတွေက လုပ်ပေးဖို့လိုအပ်တယ်။ မြန်မာလူမျိုးတွေကပဲ မြန်မာသံစဉ်ကို ဘေးချိတ်တာတော့ မဖြစ်စေချင်ဘူး”လို့ ဝိုင်းလမင်းအောင်က ပြောပါတယ်။
လတ်တလောမှာတော့ ဝိုင်းလမင်းအောင်က မြဝတီလိုင်းကနေ လွှင့်နေတဲ့ အစီအစဉ်တခုမှာ အစီအစဉ် တင်ဆက်သူအနေနဲ့ လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
“လတ်တလောမှာ ကျနော် မြဝတီလိုင်းကနေ လွှင့်နေတဲ့ သက်ကြီးဂန္တဝင်အနုပညာရှင်တွေကို မေးမြန်းပြီး သီချင်းတွေ လွှင့်ပေးရတဲ့ အစီအစဉ်မှာ အစီအစဉ် တင်ဆက်သူအဖြစ် တာဝန်ယူ လုပ်ကိုင်နေတယ်။ ပြီးတော့ နယ်တွေထွက်ပြီး သီချင်းတွေဆိုဖြစ်နေတယ်။ စက်တင်ဘာလက “ပြည့်စုံနိုင်ပါစေ” ဆိုတဲ့ ခွေလေး ထွက်ဖြစ်တယ်”လို့ ဝိုင်းလမင်းအောင်က ပြောပါတယ်။
ဆက်လက်ပြီး ဝိုင်းလမင်းအောင်က ပြီးခဲ့တဲ့ City FM ဆုပေးပွဲမှာ ဆုမရခဲ့တဲ့အကြောင်းကိုလည်း အခုလိုပဲ ဆိုပါတယ်။
“City FM က ဆုတွေတော့ မရခဲ့ဘူးပေါ့။ ဒီနှစ်မှာ ယောကျာ်းလေးမပေးဘူးဆိုလို့ ကျနော် မရခဲ့ပါဘူး။ ထပ်ပြီး အခွေတွေလည်း ထုတ်ဖို့ရှိပါသေးတယ်။ ကျနော် လွန်ခဲ့တဲ့ ၄ နှစ်က “ရွှေ ရွှေ ရွှေ” ဆိုတဲ့ တေးစီးရီးလေးက City FM မှာ ရောင်းအားအကောင်းဆုံးဆု ရခဲ့တယ်။ အခု “ပြည့်စုံနိုင်ပါစေ” အခွေလည်း တော်တော် ရောင်းအားကောင်းခဲ့တယ်။ ကျနော်လည်း အရမ်းကြိုးစားထားတယ်။ သေသေ ချာချာလုပ်ထားတဲ့ခွေပေါ့။ FM အပြောင်းအလဲတွေမှာ ကျနော်တို့လည်း ဘယ်လို ယူဆရမှန်း မသိဘူးပေါ့။ ကျနော်ရဲ့ ကံတရားလို့ပဲ ပြောရမှာပေါ့”လို့ ဝိုင်းလမင်းအောင်က ဆိုပါတယ်။
ရှားပါးလာပြီဖြစ်တဲ့ လူငယ် မြန်မာသံ အဆိုတော် ဝိုင်းလမင်းအောင်ကတော့ လက်ရှိ အမျိုးသား ယဉ်ကျေးမှု တက္ကသိုလ် တက်ရောက်နေပြီး မြန်မာသံစဉ်တွေ ထိန်းသိမ်းဖို့ မျိုးဆက်သစ်တွေမှာလည်း တာဝန်ရှိတယ်လို့ ဆိုပါတယ်။
“ကျနော် အမျိုးသားယဉ်ကျေးမှုတက္ကသိုလ်မှာ Final Year ရောက်သွားပြီ။ ကျနော်တို့က မျိုးဆက်သစ်တွေ ဖြစ်တာကြောင့် မြန်မာသံစဉ်တွေကို ထိန်းသိမ်းသွားရမယ့် တာဝန်တွေလည်း ရှိသလို ပြန်လည် ဆန်းသစ်ပြီးတော့ လုပ်သွားရမယ့် အပိုင်းတွေလည်းရှိပါတယ်။ မျိုးဆက်သစ်တွေလည်း မြန်မာဂီတကို အလေးထားပြီး ဆိုစေချင်ပါတယ်။ အခုခေတ်မှာ မြန်မာဂီတအတွက် စက်မှုပိုင်းက တိုးတက်လာတယ်။ တချို့လူတွေက ထင်ကြတယ်။ ပွဲတွေမှာ မြန်မာသံတွေ သိပ်မဆိုကြတော့ဘူးဆိုတာ အဲ့လိုလည်း မဟုတ်ပါဘူး”
“မြန်မာ သံစဉ်တွေတော့ ထိန်းသိမ်းပေးဖို့ အကုန်လုံးမှာ တာဝန်ရှိပါတယ်။ တိမ်မြုပ်သွားခြင်းတော့ ရှိမှာ မဟုတ်ဘူး။ မြန်မာ့ ယဉ်ကျေးမှုကလည်း မြန်မာတွေပဲ ထိန်းသိမ်းကြတာလေ။ ကျနော်တို့ မြန်မာ ဂီတကလည်း မြန်မာတွေပဲ ခံစားတတ်တာ။ အဲ့အတွက် မြန်မာဂီတ တိုးတက်မယ့် လမ်းစတွေ ရှိမယ်လို့ မျှော်လင့်ပါတယ်။ အရင်ထက်လည်း အများကြီး တိုးတက်လာတယ်လို့ ယူဆပါတယ်”လို့ ဝိုင်းလမင်းအောင်က ပြောပါတယ်။
ငယ်စဉ်ကတည်းက မြန်မာသံစဉ် သီချင်းတွေ သီဆိုခဲ့တဲ့ မြန်မာသံ အဆိုတော် ဝိုင်းလမင်းအောင်ကတော့ ဂီတသက်တမ်း ၁၄ နှစ်ရှိပြီဖြစ်ပြီး ဂီတဆုပေးပွဲမှာလည်း ဆုတွေ များစွာရရှိထားတဲ့ အဆိုတော်တဦး ဖြစ်ပါတယ်။
You may also like these stories:
“ဘာသာ၊ သာသနာကို ထောက်ထားတဲ့အနေနဲ့ မြန်မာမှုကို အားပေးပါ”လို့ တေးသံရှင် ထား ပြော
မြန်မာစာ ဂုဏ်ထူးထွက်တာကြောင့် ဝမ်းသာနေတဲ့ မြန်မာသံ အဆိုတော် မေသက်ထားဆွေ
အသက် ၇၅နှစ်ပြည့်မှာ Show ပွဲလုပ်ဖို့ စိတ်ကူးထားတဲ့ အကယ်ဒမီ ချိုပြုံး