Entertainment

City FM မှာ စိုးစန္ဒာထွန်း ဆုရတဲ့အပေါ် ဝမ်းသာဂုဏ်ယူပေးတဲ့ အဆိုတော် သဲနုဝါ

မြန်မာဂီတကို မြတ်နိုးတဲ့ မြန်မာသံအဆိုတော် သဲနုဝါက ဒီနှစ် City FM ဆုပေးပွဲမှာ မြန်မာသံနဲ့ အဆိုတော် စိုးစန္ဒာထွန်း ဆုရရှိတဲ့အပေါ် ဂုဏ်ယူပါတယ်လို့ ဆိုပါတယ်။

“City FM ကနေ မစိုးစန္ဒာထွန်း ရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ကျမတို့ရဲ့ ဂီတ အစ်မရသွားတာပေါ့နော်။ ကျမနဲ့ မစန္ဒာတို့ ဆန်ခါတင်စာရင်းထဲ ပါသွားတယ်။ ပေးသင့်ပေးထိုက်ပြီး တကယ်ရသင့်တဲ့သူကို ပေးတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ကျမ မရလည်း မုဒိတာ ပွားပါတယ်။ ကျမ မရလို့ ပြောနေကြတဲ့အတွက် ပရိသတ်တွေအတွက်လည်း နောက်နှစ်တွေမှာ ကြိုးစားပါဦးမယ်။ တနှစ်နှစ်တော့ ကျမလည်း ရလာမှာပါ။ အားပေးကြလို့လည်း အရမ်းဝမ်းသာရပါတယ်”လို့ အဆိုတော် သဲနုဝါက ပြောပါတယ်။

ဆက်လက်ပြီး အဆိုတော် သဲနုဝါက မြန်မာသံရရင်ကိုပဲ ဂုဏ်ယူတယ်လို့ ဆိုပြီး နောက်နှစ်တွေမှာလည်း မြန်မာသံကို ဆုပေးဖို့ အခုလိုပဲ ပြောပါတယ်။

“မစန္ဒာတို့ဆိုတာ ကျမတို့ထက် ဂီတသက်တမ်းရင့်တဲ့ အစ်မတွေနဲ့အပြိုင် ကျမ ခွေလေး စာရင်းထဲ ပါလာတာကိုပဲ ကျေနပ်ပေးပါလို့ပြောချင်ပါတယ်။ ကျမလည်း ထပ်မံကြိုးစားပါဦးမယ်။ ကျမ မရဘဲ မစန္ဒာတို့ရတဲ့ အပေါ်မှာလည်း ကျေနပ်မှု ရှိပါတယ်။ ဆုရွေးချယ်တဲ့သူတွေကလည်း ပေးသင့်ပေးထိုက်လို့ ပေးတယ်လို့ပဲ ယူဆပါတယ်။ အဲ့အတွက် ဘယ်သူပဲရရပါ။ မြန်မာသံ ရရင်ကို ဂုဏ်ယူပါတယ်။ နောင်နှစ် တွေမှာလည်း မြန်မာသံတွေကို ဆုတွေ အများကြီးပေးပါဦး”လို့ သဲနုဝါက ပြောပါတယ်။

ဆက်လက်ပြီး “မြန်မာသံတွေကို ဆုပေးတာတော့ ဘယ်လို စည်းကမ်း၊ စည်းမျဉ်းလေးတွေရှိလည်းတော့ မသိဘူး။ ကျမအနေနဲ့ တောင်းဆိုချင်တာက မြန်မာသံလေးတွေကို ကြိုးစားလာမယ့် ကလေးတွေ အတွက်ရော၊ ကျမတို့လို ကြိုးစားဆဲ အနုပညာရှင်တွေအတွက်ရော ဆုဆိုတာ အားတခုဖြစ်တဲ့အတွက် ဆုလေးတွေ ပေးရင်တော့ အကောင်ဆုံးလို့ပြောချင်ပါတယ်”လို့ သဲနုဝါက ဆိုပါတယ်။

ခေတ်ပေါ်သီချင်းတွေလည်း အားပေးသလို မြန်မာသံစဉ်တွေလည်း အားပေးနားဆင်စေချင်တယ် ဆိုတဲ့ အဆိုတော် သဲနုဝါက မျိုးဆက်သစ်တွေကို အတတ်နိုင်ဆုံး လက်တွဲခေါ်ပါမယ်လို့ ဆိုပါတယ်။

“အခုခေတ်ပေါ် သီချင်းတွေကို ပရိသတ်တွေက ပိုပြီးကြိုက်နှစ်သက်ကြတယ်။ အဲ့အတွက် ခေတ်ပေါ်သီချင်းတွေလည်း အားပေးသလို မြန်မာသံစဉ်လေးတွေလည်း အားပေး နားဆင်ပေးပါလို့ ပြောချင်တယ်။ တဖြည်းဖြည်းနဲ့တော့ တခေတ် ပြန်လည်ဦးမှာပါ။ အခုခေတ် ကလေးတွေကလည်း အရမ်းတော်ကြပါတယ်။ မျိုးဆက်သစ်တွေကို အတတ်နိုင်ဆုံးလက်တွဲခေါ်ပါမယ်”လို့ သဲနုဝါက ပြောပါတယ်။

အဆိုတော် သဲနုဝါကတော့ ၂၀၀၈ ခုနှစ်ကတည်းက ပရိသတ်အားပေးမှုကို ရရှိခဲ့တဲ့ မြန်မာသံ အဆိုတော်တယောက် ဖြစ်သလို မြန်မာသံ တေးစီးရီးများကိုလည်း ထွက်ရှိထားသူ ဖြစ်ပါတယ်။ သဲနုဝါက City FM 14th Anniversary မှာ ရောင်းအား အကောင်းဆုံ ဆုရရှိခဲ့ပါသေးတယ်။

You may also like these stories:

ဇဏ်ခီအပါအဝင် City FM ဂီတဆု ရရှိခဲ့ကြသူများရဲ့စကားသံများ

မြန်မာသံစဉ်တွေကို အားပေးမှု နည်းလာတဲ့အကြောင်း ပြောပြတဲ့ ဝိုင်းလမင်းအောင်

Loading