Entertainment

မြန်မာသံစဉ်ပြိုင်ပွဲတွေ ပြန်ပေါ်လာဖို့ မျှော်လင့်နေတဲ့ မြန်မာသံ အဆိုတော် ရန်ပိုင်စိုး

ဂီတသံစဉ် အမျိုးအစားများစွာရှိတဲ့ထဲကမှ မြန်မာသံစဉ်ဂီတဟာ လူငယ်များကြား တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်လုဖြစ်နေတဲ့အပေါ်မှာ တေးသံရှင် ရန်ပိုင်စိုးက အခုလိုပဲ ပြောပါတယ်။

“စိတ်မကောင်းဘူးဗျာ။ ကျနော်တို့ရှေ့က ဆရာတွေရဲ့ အသံတွေကြားပြီး ကျနော်တို့က ကြားဆရာအနေနဲ့ တောကနေ ရူးသွပ်ပြီး ရန်ကုန်တက်လာတာ။ မြန်မာသံပဲလေ။ နားယဉ်တာရော၊ ကျနော်တို့ ဆိုနိုင်တာရောက မြန်မာသံပဲ။ ခေတ်ပေါ် တေးဂီတတွေက ပေါ်ပေါ်လာတယ်။ ဒါကတော့ ခေတ်အဆက်ဆက်မှာ ရှိတယ်။ ဒါပေမဲ့လည်း အခုခေတ်ကျမှ လှိုင်းတံပိုးက မြင့်ပြီး ကျနော်တို့က တဖြည်းဖြည်းနဲ့ မှေးမှိန်လာတယ်။ ဒါကတော့ အများသိပြီးသားပါ။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်း ပြောရတာ”လို့ ရန်ပိုင်စိုးက ပြောပါတယ်။

ကိုယ်တိုင်မွေးထားတဲ့ သားသမီးများကအစ ဖခင်ဖြစ်သူ ဘာသီချင်းတွေ ဆိုနေမှန်း မသိတဲ့အထိ အခြေအနေမျိုးဖြစ်ရတာ ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။

“ကျနော့်အိမ်က ကျနော့် သားသမီးတွေကအစ အဖေကြီးက ဘာသီချင်းတွေဆိုမှန်း မသိဘူး ဆိုတဲ့အခြေအနေမျိုး ဝမ်းနည်းစရာ သိပ်ကောင်းတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။

မြန်မာသံစဉ် သီချင်းဆိုပြိုင်ပွဲများ လုပ်ပေးမှသာ ယခင်ကဆိုခဲ့တဲ့ အဆိုတော်ကြီးများရဲ့ သီချင်းကို သိရှိကြမှာဖြစ်ပြီး ကိုယ်တိုင်လည်း မလုပ်ဖြစ်သေးတဲ့ အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။

“မြန်မာအသံကို ပြောတယ်ဆိုတာ တခြားအသံတွေက တိုက်တွန်းဖို့ မလိုအောင်ကို အောင်မြင်ဖြစ်ထွန်းနေတယ်။ လုပ်လိုက်တာနဲ့ လှုပ်သွားတယ်။ တကယ့်ကိုအားလုံးက စိတ်ဝင်စားကြတယ်။ ကျနော်တို့မြန်မာသံက မြန်မာပြည်မှာ နေပြီးတော့ အတော်နည်းတယ်။ ဒီပြိုင်ပွဲတွေလုပ်မှ နောက်ကလေးတွေက ဒီသီချင်းတွေပါလား၊ ငါတို့ဆိုမှ အဆိုတော်ဖြစ်မှာပါလား ဒီလို စိတ်ဝင်စားမှုက အခုအချိန်မှာ မလုပ်ဖြစ်ကြတော့တာ ကိုယ်လည်း မလုပ်နိုင်ဘူး” လို့ ရန်ပိုင်စိုးက ပြောပါတယ်။

ဆက်လက်ပြီး “ဂီတပညာရှင်ကြီးတွေပဲ ပြောရဲတယ်။ သူတို့ကအချိန်မရွေး ဒီတာဝန်ပေးလုပ်မှာ။ နောက်ကလေးတွေ မျိုးဆက်သစ်တွေ ပေါ်ပေါက်လာရင် သူတို့သေတဲ့အထိ လုပ်ပေးချင်တဲ့သူတွေကြီးပဲ။ လုပ်နိုင်တဲ့ အာဏာငွေကြေး ပူးပေါင်းနိုင်တဲ့ ပုဂ္ဂိုလ်ရှိမှလည်းဖြစ်မှာ။ ဘယ်သူ့ပြောရမှန်းလည်းမသိဘူး။ အများကြီး မျှော်လင့်မိတယ်။ အားကိုးမိတယ်”လို့ ရန်ပိုင်စိုးက ပြောပါတယ်။

မြန်မာ့ဂီတနေရာကို မပျောက်ပျက်စေရန်အတွက် အသက်ဆက်ပေးမယ့် ကယ်တင်ရှင်များ လိုအပ်ပြီး မြန်မာအသံကို ဆက်လက် သီဆိုပေးကြရန် တိုက်တွန်းခဲ့ပါတယ်။

“လူငယ်တွေ မြန်မာ့ဂီတနေရာကြီးကို ဆက်လက်ပြီးတော့ အသက်ရှင်နိုင်ရေးအတွက် အသက်ဆက်မယ့် ကယ်တင်ရှင်တွေ အများကြီး လိုပါတယ်။ ဒါကြောင့် ကျနော်တို့ သားအရွယ်၊ သမီးအရွယ် မြေးအရွယ်၊ မြစ်အရွယ်တွေကို မြန်မာသံကို ဆက်လက်ပြီးဆိုပေးကြပါဦးလို့ တိုက်တွန်းချင်ပါတယ်” လို့ ရန်ပိုင်စိုးက ပြောပါတယ်။

တေးသံရှင် ရန်ပိုင်စိုးကတော့ မြန်မာ့အသံမှ ပြုလုပ်တဲ့ “ဆိုကြမယ် ပျော်ကြမယ်” သီချင်းဆိုပြိုင်မှာ အစီအစဉ် တင်ဆက်သူအဖြစ် ၁၈ နှစ်တာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

You may also like these stories:

Twitter မှာ လူတွေကို ဒေါ်လာ ၉ သန်း အလကားပေးမယ့် ဂျပန်ဘီလီယံနာ Yusaku Maezawa

ဓနသဟာယနေ့ပွဲကို တက်ရောက်ဖို့ ဟယ်ရီတို့ ဇနီးမောင်နှံအား ဘုရင်မကြီး ဖိတ်ကြား

“အချစ်ဖြင့် လွမ်းစေ”မှာ တက္ကသိုလ် အမှတ်တရတွေ ခံစားရစေမယ်လို့ မာန်ဟိန်းခန့် ပြော

Loading