အဆိုတော် Bruno Mars ဟာ Disney စတူဒီယိုကနေ လက်ရှိမှာ ဖန်တီးနေတဲ့ Musical ရုပ်ရှင်တကားကို ကိုယ်တိုင် ထုတ်လုပ်ပြီး သရုပ်ဆောင်ရမယ့် သဘောတူညီချက်တခုကို ရရှိခဲ့ပြီဖြစ်ပါတယ်။
Deadline မီဒီယာရဲ့ အဆိုအရ ဇာတ်လမ်းအကြောင်းအရာကိုတော့ အခုအချိန်အထိ မသိရှိရသေးပေမယ့် Bruno ကိုယ်တိုင် ဖန်တီးပြီး ဖျော်ဖြေမယ့် မူရင်းသီချင်း အများစုပါဝင်မယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ် အဆိုတော် Bruno Mars ဟာ အဲ့ဒီသတင်းကို အခုတပတ်ထဲမှာပဲ Instagram ပို့စ်တခုကနေ ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပို့စ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာတော့ သူဟာ ‘When You Wish Upon A Star’ သီချင်းကို စန္ဒယားတလုံးနဲ့ ကိုယ်တိုင်းတီးခတ်နေခဲ့တာ ဖြစ်ပါတယ်။
သူက “ခင်ဗျားတို့ရဲ့ နှလုံးသားက အိပ်မက်ထဲမှာ ရှိတယ်ဆိုရင် ဘယ်တောင်းဆိုမှုကမှ မပြင်းထန်ပါဘူး” လို့ စာရေးသားခဲ့ပါတယ်။ အဆိုတော် Bruno ဟာ ရုပ်ရှင်တွေထဲမှာ ပါဝင်သရုပ်ဆောင်ရတာနဲ့ စိမ်းသူတော့ မဟုတ်ပါဘူး။ “Honeymoon in Vegas” နဲ့ “Rio 2” ရုပ်ရှင်တွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။
အခုလိုမျိုး မကြာခင် ထုတ်လုပ်တော့မယ့် Disney ရဲ့ ရုပ်ရှင်ကတော့ Bruno နဲ့ Walt Disney Studios ထုတ်လုပ်ရေးဥက္ကဋ္ဌ Sean Bailey တို့ကြား ကာလကြာရှည် ဆွေးနွေးမှု တွေရဲ့ ရလဒ်ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ သူတို့နှစ်ယောက်ဟာ ဇာတ်လမ်း တခုလုံးကို ရေးသားပြီး ထုတ်လုပ် ရိုက်ကူးဖွယ် ရှိနေပါတယ်။
အခုရုပ်ရှင်အသစ်ဟာ သီချင်းရေးဆရာ၊ ထုတ်လုပ်သူ၊ ဂီတပညာရှင်အနေနဲ့ ဂရမ်မီ ဆု ၁၁ ခုကို ပိုင်ဆိုင်ခဲ့ပြီးဖြစ်တဲ့ အဆိုတော် Bruno အတွက် ရုပ်ရှင်လောကထဲမှာ ခြေလှမ်းသစ်လှမ်းနိုင် အောင်လုပ်ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
မကြာသေးခင်တုန်းကလည်း လုပ်ဖော်ကိုင်ဖက်အဆိုတော် Ed Sheeran ကလည်း သူနဲ့အတူ “No.6 Collaborations Project” အယ်လ်ဘမ်မှာ အလုပ်အတူလုပ်ခဲ့ပြီးတဲ့ နောက် Bruno ကိုလေးစားအားကျတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အဆိုတော် Ed က “သူဟာ အရည်အချင်းရှိတဲ့ သီချင်းရေးသူဖြစ်ပါတယ်။ သူ့ရဲ့ ဂီတဟာ တော်တော်လေးကို အရည်အချင်းရှိပါတယ်။ Blow သီချင်းအတွက် သူဟာ ဂီတတူရိယာပစ္စည်းတွေကို တီးခတ်ခဲ့ပါတယ်။ ဒရမ်တီးတယ်၊ ဘေ့စ်ဂစ်တာ တီးတယ်၊ ရိုးရိုး ဂစ်တာ တီးတယ်။ သူဟာ စတူဒီယိုထဲမှာ တမူထူးခြားတဲ့ အဆင့်ရှိသူပါ” လို့ ပြောဆိုခဲ့ပါတယ်။
Ref: asiaone
You may also like these stories:
Peter Pan ရုပ်ရှင်အတွက် Joaqin Phoenix ကို မျက်စိကျနေတဲ့ Disney