မြန်မာ့ဂီတကို မြတ်နိုးတဲ့ မြန်မာသံအဆိုတော်ကြီး မာမာအေးက ဂီတလောကမှာ ရပ်တည်နေသူတွေအနေနဲ့ ကိုယ်ပိုင်သီချင်းလေးတွေ ရှိစေချင်တယ်လို့ ဆိုလိုက်ပါတယ်။
“ဂီတလောကကို ဖြစ်စေချင်တာတော့ မျှမျှတတနဲ့ ကောင်းကောင်းမွန်မွန် နေကြပါ။ လုပ်ကြပါ။ ထိန်းသိမ်းနိုင်ရင်လည်း ထိန်းသိမ်းကြ။ လွင့်မပစ်လိုက်နဲ့။ ငါတို့က မြန်မာဆိုတာတော့ စိတ်ထဲထည့်ထားကြပါလို့။ သူများ နိုင်ငံတွေသွားရင် ရှက်ဖို့ကောင်းတယ်။ ကိုယ့်သီချင်းလေးတွေတော့ ကိုယ်ရှိအောင်လည်း လုပ်ကြပါလို့ ”လို့ မာမာအေးက ပြောပါတယ်။
အဆိုတော် မာမာအေးကတော့ လက်ရှိ အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေပြီး သွေးလေးဘက်နာ ရောဂါကြောင့် ကျန်းမာရေးကို ဂရုစိုက်နေရပြီး မြန်မာနိုင်ငံကို အလည်အပတ်လောက်ပဲ ပြန်လာဖြစ်တယ်လို့ ဆိုပါတယ်။
“တခေါက်တခါလာဖို့ ကျန်းမာအောင်အရင် လုပ်ပြီးမှလာရတယ်။ သွေးလေးဘက်နာလို့တော့ ပြောတာပဲ။ ပရိသတ်တွေကတော့ လာစေချင်တယ်။ လာစေချင်တာကိုလည်း သိပါတယ်။ ဒါပေမဲ့ အခု ကျမ ကျန်းမာရေးက နံပါတ် (၁) ဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ ဒီမှာ မနေနိုင်သေးဘူး။ မာမာအေးက ပရိသတ်တွေ အတွက်ပါပဲလို့ ပြောချင်ပါတယ်။ ကျမ ပြန်လာခဲ့တာလည်း အားလုံးအတွက် ပြန်လာတာပါ။ တဦးတယောက်တည်းအတွက် လုပ်မယ်ဆိုပြီး ပြန်လာတာ မရှိပါဘူး။ အကုန်လုံးနဲ့ အဆင်ပြေအောင်ကူညီ လုပ်ကိုင်ပေးပြီး ပြီးရင်တော့ ပြန်တာပဲ”လို့ မာမာအေးက ဆိုပါတယ်။
ယနေ့ခေတ်မှာ မြန်မာသံစဉ် သီချင်းတွေ နည်းလာတဲ့အပေါ် မာမာအေးက မြန်မာသံ လိုက်ဆိုတတ်သူ မရှိလို့ နည်းလာတာလို့ ဆိုပါတယ်။
“အခုနောက်ပိုင်းမှာ မြန်မာသံစဉ်တွေ နည်းလာတာက မြန်မာသံလိုက်ဆိုနိုင်တဲ့ သူနည်းလာလို့ ထင်ပါတယ်။ မြန်မာသီချင်းက သေချာ တိတိကျကျနဲ့ ဆိုနိုင်မှ အသံလည်း ကောင်းရမယ်။ စာလည်း ပီရမယ်။ အိုင်ဒီယာလည်း ကောင်းရမယ်။ မျိုးစုံ၊ ဘက်စုံတော်မှ အဆိုတော်တယောက် ဖြစ်လာနိုင်ပါတယ်။ နိုင်ငံတကာက သီချင်းတွေကို ဆိုတာက ဆိုပေါက်တွေ သိပ်မှမပါတာ။ မြန်မာသံမှာက ဆိုပုံဆိုပေါက်တွေ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ ဆိုနေကြတဲ့သူတွေပဲ ကလေးတွေက ပျော်ပျော်ရွှင်ရွှင်တွေပဲ နားထောင်ချင်မှာပေါ့။ မြန်မာသံမှာက ဖွဲ့နွဲ့တာတွေ ရှိတယ်”
“တချို့က အဲ့လို ဖွဲ့နွဲ့တာတွေကို နားမှ မလည်တော့တာ။ မြန်မာကို မလေ့လာချင်ကြတော့တာလည်း ပါတယ်။ တက္ကသိုလ်မှာတောင် မြန်မာစာယူတဲ့ ယူတောင်ရှိသေးလား မသိဘူး။ သမိုင်းဆို မယူကြတော့ဘူးတဲ့။ နောင်လာ နောက်သားတွေကိုလည်းကောင်းတာတွေပဲ ဖြစ်စေချင်တယ်။ ကောင်းတာတွေပဲ ပြောခဲ့ချင်တယ်။ ကောင်းတာတွေပဲ ဖြစ်စေချင်တယ်။ ကျမ ပြန်လာတိုင်း ပြန်လာတိုင်းမှာ အသစ်လေးတွေကိုလည်း သင်ပေးသလို သိပြီးသားသူတွေကိုလည်း လိုအပ်တာတွေ ပြောပြပေးတယ် ”လို့ မာမာအေးက ပြောပါတယ်။
နိုင်ငံကျော် အနုပညာရှင် မာမာအေးဟာ ၁၉၉၈ ခုနှစ်က နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ရောက်နေကြတဲ့ မြန်မာစစ်အစိုးရ အတိုက်အခံ အင်အားစုတွေရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခံခဲ့ရသူ ဖြစ်ပါတယ်။
အဲဒီနောက် အဆိုတော် မာမာအေးဟာ သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ပြန်ခွင့်ပြုမိန့်နဲ့ မြန်မာပြည်ကို အလည်အပတ် ပြန်လာခဲ့ပါတယ်။ အသက်အရွယ် ရနေပေမယ့် မြန်မာနိုင်ငံမှာ ဂီတလုပ်ငန်းတွေကို တတ်နိုင်သလောက် လုပ်ကိုင်နေတဲ့ မာမာအေးကတော့ ဖေဖော်ဝါရီ်လ ၁၃ ရက်နေ့ မှာအမေရိကန်နိုင်ငံကို ပြန်တော့မယ်လို့ သိရပါတယ်။
You may also like these stories:
မြန်မာသံစဉ်ပြိုင်ပွဲတွေ ပြန်ပေါ်လာဖို့ မျှော်လင့်နေတဲ့ မြန်မာသံ အဆိုတော် ရန်ပိုင်စိုး
City FM မှာ စိုးစန္ဒာထွန်း ဆုရတဲ့အပေါ် ဝမ်းသာဂုဏ်ယူပေးတဲ့ အဆိုတော် သဲနုဝါ
မြန်မာသံစဉ်တွေကို အားပေးမှု နည်းလာတဲ့အကြောင်း ပြောပြတဲ့ ဝိုင်းလမင်းအောင်