မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲမှာ အကယ်ဒမီ ရွှေစင်ရုပ်ထုများကို ကိုင်ဆောင်ပေးမယ့် ရွှေကြိုမောင်မယ်များကိုတော့ ယခင်နှစ်များနဲ့ မတူဘဲ ပရိသတ်ရဲ့ Voting စနစ်ဖြင့် ရွေးချယ်တဲ့အပေါ် ရုပ်ရှင်အစည်းအရုံးအနေနဲ့ ရန်ပုံငွေရှာဖွေတယ်ဆိုတဲ့ ဝေဖန်မှုများရှိနေတာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြန်လည် ရှင်းပြခဲ့ပါတယ်။
“ရန်ပုံငွေရှာရအောင် အရမ်းကုန်တဲ့ ကိစ္စကြီးလေ။ အခုထက်ထိ ဘယ်ရန်ပုံငွေမှ မရဘူး။ Voting စနစ်နဲ့ဆိုတော့ ပရိသတ်ကလည်း ပေးချင်မှပေးမှာလေ။ ဘယ်လိုလုပ် ရန်ပုံငွရှာတယ် ပြောမလဲ။ အခုတွက်ထားတာ ရှုံးဖို့များတယ်။ ဒီပွဲကြီးတခု လုပ်ရတာ လွယ်တော့ မလွယ်ဘူး။ ကင်မရာ အလုံးပေါင်း ၃၀ ၊ ၄၀ နဲ့ ရိုက်ရတာ မလွယ်ဘူး” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
အဆိုပါ ရွှေကြိုရွေးချယ်မှုကိုတော့ ရုပ်ရှင်အစည်းအရုံးအနေနဲ့ စေတနာနဲ့ပြုလုပ်ရခြင်းဖြစ်ပြီး ပရိသတ်များရဲ့ မျက်လုံးထဲမှာ မင်းသား၊ မင်းသမီးများက ထပ်တလဲလဲဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။
“ရုပ်ရှင်အစည်းအရုံးက ရေလည်း မခပ်ပါဘူး။ ရေက သွန်ပစ်ဖို့က များတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကြီးက ဘယ်လိုလုပ်ပြီး ရေခပ်လို့ရမှာလဲ။ အမှန်တော့ အစည်းအရုံးက စေတနာနဲ့ လုပ်တာ။ အဲဒါကိုလည်း ခေါင်းထဲမှာမရှိဘူး။ ခေါင်းထဲမှာရှိတာက ကလေးတွေ၊ မင်းသား၊ မင်းသမီးအသစ်တွေ ပေါ်လာမယ်။ အခုက မင်းသားအသစ်၊ မင်းသမီးအသစ်တွေ တောင်းတနေပြီ။ လူတွေက ထပ်နေတော့ အဲ့စေတနာနဲ့ လုပ်ပေးတာ” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ယခင်နှစ်များနဲ့မတူ ဒီနှစ်မှာ ရွေးချယ်ခံရမယ့် အကယ်ဒမီ ရွှေကြိုများအနေနဲ့ ဗန်းကိုင်ရုံနဲ့ပြီးသွားမှာမဟုတ်ဘဲ ပွဲပြီးပါက ထုတ်လုပ်ရေးတခုနဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ သိရပါတယ်။
“ရွှေကြိုကတော့ စေတနာနဲ့ လုပ်တာပါ။ ဒါပေမဲ့ အပြစ်တင်တာတို့၊ ဝေဖန်တာတို့ ကျနော်တို့ နိုင်ငံမှာကဒီလိုကတော့ ဖြစ်မှာပဲ။ အမှန်တော့နှစ် ၁၀၀ ပြည့်ဖြစ်လို့ စေတနာနဲ့ လုပ်ပေးတာ။ ဒီရွှေကြိုကလေးတွေက ခါတိုင်းဆို ဒီအကယ်ဒမီပွဲ ပြီးတာနဲ့ ပြီးသွားပြီ။ အခုကသူတို့ကို ထုတ်လုပ်ရေးတခုက ရိုက်မယ့် ဇာတ်လမ်းတွဲမှာ သူတို့ကို မင်းသား၊ မင်းသမီးဖြစ်အောင် မြေတောင်မြှောက်ပေးမှာ။ ဒါကြောင့် ထူးခြားတဲ့ အစီအစဉ်အနေနဲ့ လုပ်တာ”
“အခုက အယောက် ၅၀ အဲ့ထဲကမှ Voting စနစ်နဲ့ ဒိုင်ရဲ့အဆုံးအဖြတ်က ၄၀ ရာခိုင်နှုန်းပါတယ်။ ပြီးတော့မှ ပရိသတ်ရဲ့ Voting စနစ်က ၆၀ရာခိုင်နှုန်း အဲဒါနဲ့ ၁၀ တွဲပေါ့။ ယောကျ်ားလေး ၁၀ ယောက်၊ မိန်းကလေး ၁၀ ယောက်ပေါ့” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ဥက္ကဋ္ဌအဖြစ် ယခုနှစ် ပထမဆုံးအကြိမ် အကယ်ဒမီပွဲကို တာဝန်ယူကျင်းပရတာဖြစ်တာကြောင့် ဘယ်လိုတွေ ပြင်ဆင်ထားလဲဆိုတာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။
“ဘယ်လိုမှတော့ မပြင်ဆင်ထားပါဘူး။ ဂယက်တွေဘာတွေ ထမယ်ဆိုရင်လည်း ပြောမယ့်သူက ပြောကြမှာပဲ။ ဒီဘက်က ဥက္ကဋ္ဌတာဝန် ယူထားတဲ့သူကလည်း ခံစရာရှိ ခံရမှာပဲပေါ့။ ဒါပေမဲ့ မနှစ်က အပြောခံရတယ်။ အပြစ်တင်ရတဲ့ အချက်အလက်တွေကို ဥပမာ – အကယ်ဒမီ အကဲဖြတ် စည်းမျဉ်းစည်းကမ်းတွေပေါ့။ အဲဒီစည်းမျဉ်းစည်းကမ်းတွေကြောင့် ပရိသတ်ကြိုက်တဲ့သူက မရဘူး။ မကြိုက်တဲ့သူက ရသွားတယ်။ အဲဒါမျိုးတွေက အမှတ်ပေးပုံပေးနည်းတွေကြောင့်ဖြစ်တာ။ ဒီနှစ်တော့ ပြင်ဆင်ထားတယ်ပြောတယ်” လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။
ယခုနှစ်အတွက် အကယ်ဒမီကုန်ကျစရိတ်ကိုတော့ သိန်းပေါင်း ၄ ထောင် ၊ ၅ ထောင်ခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး Bella Cosmetics တာဝန်ယူကျင်းပသွားမယ်လို့ သိရပါတယ်။
“ကုန်ကျစရိတ်က မကုန်ဘူးဆိုရင်တောင် ၄ ၊ ၅ ထောင်တော့ ကုန်မှာပေါ့။ ဒီနှစ်က ရုပ်ရှင်နှစ် ၁၀၀ အကြိုအတွက် ကျင်းပရမယ်ဆိုတာ စပွန်ဆာပေးတဲ့ ကုမ္ပဏီကလည်း သိတယ်။ ပြီးတော့ ရင်ပြင်မှာလုပ်ဖူးတဲ့ အတွေ့အကြုံ ရှိတယ်”လို့ ပြောပါတယ်။
၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲကြီးကိုတော့ မတ်လ ၂၉ ရက်နေ့၊ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
“ကိုယ်ပိုင်သီချင်းတွေ ရှိအောင် လုပ်ကြပါ”လို့ တိုက်တွန်းတဲ့ အဆိုတော် မာမာအေး
အော်စကာဆုပေးပွဲကို သီးခြားစီ လာခဲ့ပေမယ့် တွဲထိုင်ခဲ့တဲ့ မင်းသား လီယိုနာဒိုနဲ့ ချစ်သူ Camila
မြန်မာသံစဉ်ပြိုင်ပွဲတွေ ပြန်ပေါ်လာဖို့ မျှော်လင့်နေတဲ့ မြန်မာသံ အဆိုတော် ရန်ပိုင်စိုး