၂၀၁၉ ခုနှစ်အတွင်းမှာ တောက်ပခဲ့တဲ့ ကြယ်ပွင့်တွေထဲက ၂၀၂၀ ပြည့်နှစ်မှာပါ ဆက်လက် အောင်မြင်မယ်လို့ ခန့်မှန်းခံထားတဲ့ တက်သစ်စ အနုပညာရှင်တွေအကြောင်းကို ပြောပြချင်ပါတယ်။ ၂၀၁၉ ခုနှစ်ထဲမှာလည်း သူတို့ရဲ့ ထူးချွန် ထက်မြက်မှုတွေကို သက်သေခံနိုင်ခဲ့ကြသလို နှစ်သစ်မှာလည်း ဆက်လက်တောက်ပနေမယ့် သူတွေက ဘယ်သူတွေဖြစ်မလဲ။
Kim Hye Yoon
မင်းသမီး Kim Hye Yoon ကိုတော့ မနှစ်က တနှစ်လုံး အောင်မြင်မှုတွေ စိုက်ထူနိုင်ခဲ့တဲ့ “Sky Castle” နဲ့ “Extraordinary You” ဇာတ်ကားမှာ သူ့ရဲ့အရည်အသွေးတွေကို ပရိသတ်တွေ အကဲခတ်မိခဲ့ကြမှာပါ။ ဒါကြောင့်လည်း MBC Drama Award 2019 ဆုပေးပွဲမှာ အကောင်းဆုံး မျက်နှာသစ် မင်းသမီးဆု ရခဲ့သလို ဗုဒ္ဓဟူး – ကြာသပတေး ဇာတ်လမ်းတွဲတွေထဲက ထူးချွန်ဆုကိုပါ သိမ်းပိုက်နိုင်ခဲ့ပါတယ်။
အေဂျင်စီကလည်း သူနဲ့လိုက်ဖက်မယ့်၊ အရည်အသွေးကို ပြသနိုင်မယ့် ဇာတ်ကားတွေကို ရွေးချယ်နေပြီး ခုချိန်ထိတော့ နောက်ထပ်အသစ် လက်ခံထားတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။
Rowoon
SF9 အဖွဲ့နဲ့ Rowoon ဟာ ၂၀၁၆ ခုနှစ်တည်းက Training ဆင်းခဲ့ပြီး သူ့ရဲ့ အဆိုပိုင်း၊ အကပိုင်း ပါရမီတွေကို ပြသနိုင်ခဲ့သလိုပဲ “School 2017” စတဲ့ဇာတ်ကားမှာ ပါဝင်ခဲ့ပြန်ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ MBC ရုပ်သံက ထုတ်လွှင့်ပြသခဲ့တဲ့ “Extraordinary You” ဇာတ်ကားမှာ သရုပ်ဆောင် အရည်အသွေးတွေကို ထုတ်ဖော်နိုင်ခဲ့ပြန်ပါတယ်။ ဒါကြောင့်လည်း MBC Drama Award 2019 ဆုပေးပွဲမှာ အကောင်းဆုံး မျက်နှာသစ် မင်းသားဆု ရယူနိုင်ခဲ့ပါတယ်။
ဘက်စုံထူးချွန်မှုတွေကို သက်သေပြနိုင်ခဲ့တဲ့ Rowoon ကို ၂၀၂၀ ပြည့်နှစ်မှာလည်း ထပ်မံမြင်တွေ့ရ မယ်လို့ အေဂျင်စီဘက်က ဆိုပါတယ်။
Naeun
April အဖွဲ့က Naeun ဟာ အိုင်ဒေါတယောက်တင် မဟုတ်ဘဲ မင်းသမီးတယောက်အဖြစ်လည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တယ်ဆိုတာ တွေ့ခဲ့ကြမှာပါ။ Web Drama များစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ် ပိုသတိထားမိတာကတော့ “Extraordinary You” မှာ Yeo Joo Da ဆိုတဲ့ ကောင်မလေးကိုပါ။ အေဂျင်စီကတော့ သူမဟာ မျှော်လင့်ထားတာထက် ပိုလုပ်ပြနိုင်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ထဲမှာလည်း April အဖွဲ့ရဲ့ Comeback ရှိသလို နောက်ထပ် ဇာတ်ကားအသစ်တွေမှာလည်း ပါဝင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
Song Kang
၂၀၁၇ ခုနှစ်မှာ “The Liar and His Lover” ဇာတ်ကားနဲ့ ပွဲဦးထွက်ခဲ့သလို Web drama တချို့မှာလည်း ပါဝင်ခဲ့ဖူးတဲ့ မင်းသား Song Kang ဟာ “Man Who Sets the Table” “When the Devil Calls Your Name” စတဲ့ ဇာတ်ကားတွေမှာလည်း ဆက်တိုက်ပါဝင်ခဲ့ပါတယ်။ နောက်ဆုံး ပရိသတ်အကြိုက်ဆုံးကတော့ “Love Alarm” ဖြစ်ပြီး ကိုရီးယားမှာသာမက အာရှပရိသတ်တွေပါ အထူးကြိုက်နှစ်သက်ခဲ့ပြန်ပါတယ်။
သူ့ရဲ့ ရိုးသားပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် ပရိသတ်တွေက အချစ်ပိုနေကြပြီး တကားထက်တကား ပိုကြိုးစားအားထုတ်လာမှုကိုလည်း အသိအမှတ်ပြုပေးခဲ့ကြပါတယ်။ လက်ရှိမှာတော့ Song Kang ဟာ “Sweet Home” ဇာတ်ကားမှာ အထက်တန်းကျောင်းသားနေရာက ပါဝင်သရုပ်ဆောင်နေပါတယ်။
Ref: Soompi