နာမည်ကျော် ဘောလိဝုဒ်မင်းသား Irrfan Khan ဟာ ပရိသတ်တွေအနေနဲ့ သူ့ကို စောင့်ဆိုင်းပေးကြဖို့၊ မကြာခင် ရုံတင်တော့မယ့် Angrezi Medium ရုပ်ရှင် ပရိုမိုးရှင်း ကိစ္စတွေမှာ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းပေးလိုက်ပြီးနောက် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ မင်းသားအတွက် ဆုတောင်းစကား ပြောဆိုပေးကြသူတွေ တော်တော်လေး များပြားနေတာကို မြင်တွေ့ရပါတယ်။
အဲ့ဒီထဲကမှ ပထမဆုံး ဆုတောင်းစကား ပြောပေးခဲ့သူက လက်ပွားမင်းသားလို့ လူသိများတဲ့ မင်းသား Hrithik Roshan ဖြစ်ပါတယ်။
မင်းသား Hrithik က “တကယ့်ကိုပဲ ကြည်နူးအားရဖွယ် ဖြစ်ပါတယ်။ ကျနော့်အချစ် Irfan ရေ၊ ခင်ဗျားအတွက် ဆုတောင်း ပေးနေပါတယ်။ ခင်ဗျားက တကယ့်ကိုပဲ အံ့သြလောက်ပါတယ်။ ပြီးတော့ ဒါဟာ တကယ့်ကိုပဲ ထူးခြားတဲ့ ရုပ်ရှင်တကား ဖြစ်မယ့်ပုံပါပဲ။ ပြီးတော့ ခင်ဗျား ပြောတဲ့အတိုင်းပဲ ခင်ဗျားကို စောင့်နေပါ့မယ်” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ မင်းသား Shahid Kapoor က “ခင်ဗျားကိုလည်း စောင့်နေပါ့မယ် Irrfan ရေ” လို့ ရေးသားခဲ့ပါတယ်။
မင်းသား Varun Dhawan က ရုပ်ရှင်ကို စိတ်ဝင်တစားနဲ့ စောင့်မျှော်နေပြီလို့ ဆိုပါတယ်။ သူက “အရမ်း လှပပါတယ်။ Irfan နဲ့ အဖွဲ့က အကောင်းဆုံး စိတ်အားထက်သန်မှုတွေနဲ့ ဖန်တီးခဲ့တဲ့ ရုပ်ရှင်တကား ဖြစ်ပါတယ်။ ကျနော်တို့ ခင်ဗျားကို စောင့်နေပါ့မယ်” လို့ ရေးခဲ့ပါတယ်။
မင်းသမီး Yami Gautam ကတော့ “ခင်မင်ရတဲ့ Irrfan ရေ၊ ရှင်က ကျမတို့ယုံကြည်မှုနဲ့ ကိုယ်ပိုင်ကျွမ်းကျင်မှု အပေါ် ထားရှိတဲ့ သစ္စာကို အမြဲတမ်း လမ်းပြပေးခဲ့တယ်။ သည်းခံမှုနဲ့လည်း အလုပ်လုပ်နိုင်စေခဲ့တယ်။ ရှင်ရဲ့ သတင်းစကားက ကျမတို့ရဲ့ စိတ်နှလုံးသားကို ခံစားချက်တွေ ဖြစ်စေခဲ့တယ်။ အမြန်ဆုံး ပြန်လည် သက်သာလာပါစေလို့ ကျမတို့ ဆုတောင်း ပေးပါတယ်။ ရှင့်ကို ပိတ်ကားပေါ်မှာ မြင်တွေ့ချင်နေပါပြီ” လို့ ရေးသားခဲ့ပါတယ်။
ကင်ဆာရောဂါအတွက် ကုသမှုတွေ ခံယူနေရတဲ့ မင်းသား Irrfan ဟာ ကျန်းမာရေး ပြဿနာတွေကြောင့် သူပါဝင်ထားတဲ့ Angrezi Medium ရုပ်ရှင်အတွက် ပရိုမိုးရှင်းလုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ မင်းသားဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ Angrezi Medium အတွက် အမြည်းဗီဒီယိုကို မတင်ပေးမီ လူမှုကွန်ရက် မီဒီယာပေါ်မှာ သူ့ရဲ့ ပရိသတ်တွေအတွက် စိတ်လှုပ်ရှားဖွယ် သတင်းစကား ပါးလိုက်တာလည်း ဖြစ်ပါတယ်။
သူ့ရဲ့သတင်းစကားထဲမှာတော့ အသက် ၅၃ နှစ်အရွယ် မင်းသားက ရုပ်ရှင်အတွက် ပရိုမိုးရှင်းလုပ်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် ရုပ်ရှင်ကို ပရိသတ်တွေ နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး သူပြန်လာတာကို စောင့်ပေးကြဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
မင်းသားဟာ ၂၀၁၈ ခုနှစ်မှာ Neuroendocrine အကျိတ်ဝေဒနာကို ခံစားခဲ့ရတာ ဖြစ်ပြီး နိုင်ငံခြားမှာ ကုသမှုခံယူ နေခဲ့ရတာ ဖြစ်ပါတယ်။
Ref: hindustantimes
You may also like these stories:
ဟောလိဝုဒ် ရုပ်ရှင်လောကအထိပါ အောင်မြင်မှု ရရှိကြတဲ့ ဘောလိဝုဒ် သရုပ်ဆောင်များ
ကင်ဆာရောဂါကို လန်ဒန်မှာ သွားကုနေရတဲ့ ဘောလိဝုဒ် မင်းသား Irrfan Khan
လန်ဒန်မြို့ရှိ Madame Tussauds ပြတိုက်မှာ Priyanka Chopra ရဲ့ ဖယောင်းရုပ်တုဖွင့်လှစ်