၃ လပိုင်းမှာ ဒူးခေါင်းခွဲစိတ်ဖို့ ရှိတာကြောင့် ဒီနှစ် အကယ်ဒမီ ဆုပေးပွဲကို တက်ရောက်ဖို့ မသေချာသေးဘူးလို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။
“၃ လပိုင်းမှာ ကျနော် ဒူးခွဲဖို့ ရှိတယ်။ ခွဲဖို့လုပ်နေတာတော့ တော်တော်ကြာပြီ။ ဟိုဘက်က ဆရာဝန်နဲ့ ချိတ်နေတာရယ် အခွေကိုလည်း အချောသတ်နေတဲ့ အချိန်ကာလဆိုတော့ ရက်တွေ ညှိရတယ်။ ခွဲသင့်နေတာလည်း ကြာပြီ။ ရုပ်ရှင်ရိုက်တဲ့အခါ ကြမ်းတဲ့အခန်းတွေပါရင် စိတ်ပူပြီးတော့ မရိုက်ချင်ဘူး။ အဲဒါကြောင့် မြန်မြန်လေး ခွဲလိုက်ချင်တယ်။ ၄ လ လောက်နားရမယ်၊ မတ်လထဲမှာ ခွဲဖြစ်မယ်ဆိုတော့ အကယ်ဒမီပွဲတက်ဖို့ ရက်နဲ့ တိုက်နေမလားတော့ မပြောတတ်သေးဘူး”
“အကယ်ဒမီ ခန့်မှန်းပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ အကယ်ဒမီကို ပရိသတ်တွေက ပေးပေး၊ မပေးပေး ဇာတ်ကား ကြည့်ပေးတာနဲ့တင် ကျေးဇူးတင်ပါတယ်။ ကြည့်ပြီးတော့မှ အားပေးတဲ့ ပရိသတ်တွေ၊ အခုချိန်ထိ ရုံမှာ ကြည့်နေသေးတဲ့ ပရိသတ်တွေရှိတာနဲ့တင် နောက်ကားတွေ ဆက်ရိုက်ဖို့ အားရှိတယ်။ အခုချိန်ထိ ရုံတင်ခွင့်ရနေဦးမယ်လို့ မမျှော်လင့်ထားဘူး။ အခုလို ဆက်ပြခွင့်ပေးနေသေးတဲ့ ရုံပိုင်ရှင်တွေနဲ့ လာကြည့်ပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်တယ်”လို့ ဇဏ်ခီက ပြောပါတယ်။
ဇာတ်ကားတွေကို ဆုရဖို့ဆိုပြီး လုပ်လေ့လုပ်ထ မရှိဘူးဆိုတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီကလည်း အကယ်ဒမီဆုထက် နောက်ကားအတွက်ပဲ ပိုစိတ်လှုပ်ရှားတယ်လို့ ဆိုပါတယ်။
“အကယ်ဒမီအတွက် ရင်ခုန်မှုဆိုရင် ကျမတို့က ဆုရဖို့ဆိုပြီး လုပ်လေ့လုပ်ထ မရှိဘူး။ နှစ်စဉ်ပေးခဲ့တဲ့ ဆုတွေ ပြန်ကြည့်ရင်လည်း ကျမနဲ့ သိပ်ကိုက်ညီမှု မရှိဘူးလို့ ခံစားရတယ်။ ကျမအနေနဲ့ကတော့ နောက်ကားအတွက်ပဲ ပိုစိတ်လှုပ်ရှားတယ်။ အကယ်ဒမီ မှန်းပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အကယ်ဒမီ သိပ်လည်း မမှန်းထားပါနဲ့”လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ပြောပါတယ်။
ဆက်လက်ပြီး ဒါရိုက်တာ ခရစ္စတီးနားခီက ဒီနှစ် အော်စကာ ဆုပေးပွဲမှာ “Parasite” ဇာတ်ကား ဆုရတဲ့အပေါ်လည်း အခုလိုပဲ ဆိုပါတယ်။
“အော်စကာ ဆုပေးပွဲမှာ Parasite ဇာတ်ကားဆုရတော့ အရမ်း Inspire ဖြစ်တယ်ပေါ့။ ၉၂ နှစ်မှာ အာရှရုပ်ရှင်က ဒီလိုမျိုးဆုတွေ ရသွားတဲ့အတွက် အရမ်းအားကျစရာ ကောင်းတယ်။ ကမ္ဘာကျော် ဒါရိုက်တာတွေ Nominate လုပ်ခံရတဲ့သူတို့တော့ မသိဘူး၊ ကိုယ်တွေလည်း အခွင့်အရေး ရှိပါလားဆိုတဲ့ စိတ်လေးတော့ ရှိတယ်။ သူတို့လောက်တော့ မတော်သေးပါဘူး”
“အဲ့လိုလမ်းကြောင်းမျိုးက ကြိုးစားခွင့် ရှိတယ်ပေါ့။ အနုပညာသမားဆိုတာ ကြိုးစားတိုင်းလည်းမရဘူး။ Talent ပါလာမှလေ။ သူတို့ Talent က အကြီးကြီး ကိုယ်တွေ Talent က သေးသေးလေးပေါ့။ ကိုယ်တွေလည်း ဖြစ်ခွင့်ရှိတယ်ဆိုတာ သိလိုက်ရတော့ အရမ်းကြိုးစားချင်စိတ်တွေဖြစ်ပြီး အဲ့ဒီလမ်းကြောင်းကို သွားချင်တယ်”လို့ ခရစ္စတီးနားခီက ပြောပါတယ်။
ခီမောင်နှံဟာ “ဥပါယ်တံမျဉ်” ၊ “မုဒြာရဲ့ခေါ်သံ” စတဲ့ ရုပ်ရှင်ဇာတ်ကားများနဲ့ အောင်မြင်တဲ့ အနုပညာရှင်စုံတွဲ ဖြစ်ခဲ့ပြီး “Now & Ever” ရုပ်ရှင်ကတော့ ဇဏ်ခီရဲ့ တတိယမြောက် ဇာတ်ညွှန်းဖြစ်ပြီး “ဥပါယ်တံမျဉ်” နဲ့ “သီတာ” ဆိုတဲ့ ဇာတ်ညွှန်းများလည်း ရေးသားထားပါတယ်။
You may also like these stories:
“Now and Ever” ရုပ်ရှင်နဲ့ ပတ်သက်ပြီး အရမ်းရင်ခုန် မျှော်လင့်နေတဲ့ သရုပ်ဆောင် ဇဏ်ခီ
ဇနီးအတွက် ဒုတိယမြောက် သီချင်းတပုဒ် ရေးပေးထားတဲ့ သရုပ်ဆောင် ဇဏ်ခီ
ပွဲတွေ မတက်ဖြစ်တဲ့အကြောင်း ပြောပြတဲ့ ခီမောင်နှံ