Entertainment

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ကာကွယ်ဖို့ အကြံပေးစကား ပြောခဲ့တဲ့ ချစ်သုဝေ

တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီနေ့အချိန်မှာ ကမ္ဘာ့နိုင်ငံ တော်တော်များများကို ကူးစက်ပျံ့နှံ့နေတာနဲ့ ပတ်သက်ပြီး ရောဂါကာကွယ်ဖို့ ဆရာဝန်တဦးဖြစ်တဲ့ သရုပ်ဆောင်၊ အဆိုတော် ချစ်သုဝေက အကြံပေးစကား အခုလိုပဲ ပြောပါတယ်။

“ကူးစက်ရောဂါ မဖြစ်ပွားအောင် နှာစေး ၊ ချောင်းဆိုး ဖြစ်တဲ့သူတွေက အဓိက ကာကွယ်ရမှာပေါ့။ ကျမတို့ လူကောင်းတွေက အထိရောက်ဆုံး ကာကွယ်နိုင်တာ လက်ဆေးတာပဲ။ လက်ဆေးပြီး ကာကွယ်ထားရမယ်။ သန့်ရှင်းအောင် နေရမယ်။ လူထူထပ်တဲ့ နေရာတွေဆို ရှောင်ရမယ်။ အဲ့လိုနေရာတွေမှာ Mask တပ်ရမယ်။ အဓိက နှာစေး ၊ ချောင်းဆိုး ဖြစ်တဲ့သူတွေကနေ ကိုယ့်ဆီ ရောဂါတွေ မကူးအောင် Mask တပ်ထားရမယ်”

“အမြဲ လက်ဆေးနေရမယ်။ ပြီးရင် ကိုယ့်ကိုယ်ကိုယ် အားပြည့်အောင်နေရမယ်။ ခုခံအားကျရင် ရောဂါက ပိုဝင်လွယ်တယ်။ ခုခံအားတက်အောင် အစား များများစား၊ အားကစားလုပ်၊ အိပ်ရေးဝအောင်အိပ်၊ ရေများများ သောက်ပြီး အားပြည့်အောင် နေပါ”လို့ ချစ်သုဝေက ပြောပါတယ်။

အဆိုပါ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါနဲ့ ပတ်သက်ပြီးလည်း Facebook မှာ တက်လာတဲ့ သတင်းတိုင်းကို မယုံကြည်ဖို့ သရုပ်ဆောင် ချစ်သုဝေက အခုလိုပဲ ဆိုပါတယ်။

“ရောဂါအကြောင်း နားစွင့်တဲ့အခါမှာလည်း Facebook မှာတက်လာတဲ့ သတင်းတိုင်းက ဟုတ်တာလည်း ရှိမယ်၊ မဟုတ်တာလည်း ရှိမယ်။ ကျမတို့ နိုင်ငံနဲ့ဆိုင်တဲ့အရာက ကိုယ်မကူးခံရအောင် ဘယ်လိုနေကြမလဲ၊ သတိထားကြပါ။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကို နားစွင့်သင့်တယ်။ ကျန်းမာရေးဝန်ကြီးဌာနကလည်း သတင်းအမှန် ထုတ်ပြန်ပေးတာမျိုး၊ အမှန်အတိုင်း ပြည်သူတွေကို အသိပေးတာမျိုး အဲ့လိုမျိုး အပြန်အလှန်လေးတော့ ရှိပေါ့နော်”လို့ ချစ်သုဝေက ပြောပါတယ်။

အဆိုတော်၊ သရုပ်ဆောင် ချစ်သုဝေဟာ အဆိုတော် လင်းလင်းနဲ့ အိမ်ထောင်ကျပြီး၊ မေမြန်မာသစ်နဲ့ မေမြန်မာခေတ် ဆိုတဲ့ ချစ်စရာ အမြွှာသမီးလေးတွေကို မွေးထားပါတယ်။ လင်းလင်းနဲ့ ချစ်သုဝေတို့ဟာ သမီးလေးတွေရဲ့ နာမည်နဲ့ “ခေတ်သစ်” ဖောင်ဒေးရှင်းကို တည်ထောင်ထားပြီး မွေးရာပါ နှလုံးရောဂါရှင် ကလေးများကို ခွဲစိတ်ကုသမှုတွေ ပြုလုပ်ပေးလျက် ရှိပါတယ်။

You may also like these stories:

“ဒီနှစ် အကယ်ဒမီ ဆုပေးပွဲတက်ဖို့ မသေချာဘူး”လို့ ခီမောင်နှံ ပြော

အနုပညာကြေး အများဆုံးရတဲ့ သရုပ်ဆောင်စာရင်းမှာ The Rock နဲ့ Scarlett Johansson ဦးဆောင်

WWE နပန်းပွဲတွေရဲ့ စင်မြင့်ပေါ်မှာ စတင်တွေ့ရတော့မယ့် The Rock ရဲ့ သမီး

Loading