Entertainment

“ချစ်သူများနေ့အပေါ် ထူးကဲပြီး စိတ်ခံစားမှု မရှိပါဘူး”လို့ သင်ဇာဝင့်ကျော် ပြော

သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ဒီနေ့မှာကျရောက်တဲ့ ချစ်သူများနေ့ အပေါ် ထူးကဲပြီး စိတ်ခံစားမှု မရှိဘူးလို့ ဆိုပါတယ်။

“ငယ်ငယ်တုန်းကတော့ ရူးတာပေါ့နော်။ ချစ်သူရှိတဲ့အချိန် ပန်းစည်းတွေပေး၊ ချောကလက်တွေ လဲကြပေါ့။ အခုကျတော့ ဘာမှ မဟုတ်တော့ဘူး။ ကိုယ့်အလုပ်၊ ကိုယ့်မိဘ၊ ကိုယ့်ပရိသတ်တွေ၊ ကိုယ့်သူငယ်ချင်းတွေ၊ ဒါတွေကပဲ အရေးကြီးတာ။ တကယ်လို့ ချစ်သူရှိခဲ့တယ်ဆိုရင်တောင်မှ ချစ်သူနဲ့ အတူတူနေရတဲ့ အချိန်တိုင်းက Valentine’s Day ပဲလေ။ Valentine’s Day မှာမှ မပျော်မရွှင်ရဘူးဆိုရင် ဘာမှ အဓိပ္ပာယ်မရှိဘူး။ Valentine’s Day မို့လို့ ထူးကဲပြီး စိတ်ခံစားမှုလည်း သိပ်မရှိပါဘူး”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

အချစ်ရေးနဲ့ ပတ်သက်လို့လည်း သင်ဇာဝင့်ကျော်က သူရဲ့ ခံစားချက်ကို အခုလို ပြောပြပါတယ်။

“အချစ်ရေးကံကောင်းလားဆို ကိုယ့်ဆီရောက်လာတဲ့ ချစ်သူတွေကတော့ ကောင်းတာ များပါတယ်။ ကိုယ်ကသာ ဆိုးခဲ့သလိုဖြစ်တာပေါ့နော်။ သင်ဇာက စိတ်ကြီးတယ်။ ဒေါသကြီးတယ်။ အဲဒီအတွက်ကိုယ့်ကို အရမ်းသည်းခံနိုင် တဲ့လူမှ အဆင်ပြေမှာ။ စိတ်အခန့်မသင့်လို့ ရန်ဖြစ်တယ် ဆိုရင်လည်း သင်ဇာ့ဘက်က ပြတ်သွားတာများတယ်။ အဓိက ကတော့ ကိုယ့်စိတ်ကြောင့်ပဲလား မသိဘူး။ ကိုယ်ကတော့ ကိုယ့်ကိုယ်ကို ကံကောင်းတဲ့အထဲမှာ ပါတယ်လို့ မထင်မိဘူး”လို့ သင်ဇာဝင့်ကျော်က ဆိုပါတယ်။

၁၅၀၀ အချစ်ထက် ၅၂၈ မေတ္တာကလည်း ချစ်လို့ရတယ်ဆိုတဲ့ သင်ဇာဝင့်ကျော်ဟာ အချစ်ရေးထက် မိသားစုကို ပိုပြီးတော့ အချိန်ပေးသွားမယ်လို့ ဆိုပါတယ်။

“ချစ်သူတယောက်က ကိုယ်ပေးရတာနဲ့ တန်လား၊ တန်လို့ရှိရင် တဘဝလုံးပေးလိုက်မယ်။ ကိုယ်က ပေးရတာ မတန်ဘူး၊ ဖြူစင်တဲ့အချစ်တွေ၊ ဂရုစိုက်မှုတွေ အကုန်လုံး သူ့ဆီက ပြန်ရတာ အစစ်အမှန်မဟုတ်ဘူးဆိုရင် ဒါမတန် ဘူးလေ။ မတန်ရင်တော့ ကိုယ့်မိသားစု၊ ကိုယ့်အလုပ်၊ ကိုယ့် ပရိသတ်တွေနဲ့ မလဲနိုင်ဘူး။ အချစ်ဆိုတာက ၅၂၈ မေတ္တာနဲ့လည်း ချစ်လို့ရတာပဲလေ”

“ဒါကြောင့် ဒီအချစ်ဆိုတာကြီးက သင်ဇာ့အတွက် အရမ်းအရေးမကြီးပါဘူး။ ချစ်သူထားဖို့ သင်ဇာရင်ခုန်တဲ့သူ အရင် ရှာရမယ်။ သင်ဇာရင်ခုန်ပြီဆိုမှ သဘောကျလားမကျလား ကြည့်ရမယ်။ အသက် ကြီးလာတော့ အရမ်းရွေးလာတယ်။ ကြေး (ဂျီး)လည်းများလာတယ်။ အပျိုကြီး ဖြစ်ချင်လို့လား မသိဘူး။ ဇီဇာကြောင်လာတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်တစ်ခုကို ကျော်လွန်လာခဲ့ပါပြီ။ သင်ဇာဝင့်ကျော် ပါဝင်သရုပ်ဆောင်ထားတဲ့ “မြမြ” ရုပ်ရှင်ဇာတ်ကားကလည်း ရုံတင်ပြသနေဆဲ ဖြစ်ပါတယ်။

You may also like these stories:

Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ

ချစ်သူများနေ့မှာ ပို့စ်ကတ်ပေါင်း သောင်းချီ လက်ဆောင်ရခဲ့တဲ့ အသက် ၁၀၄ နှစ်အရွယ် အဘိုး

ချစ်သူများနေ့မှာ ချစ်သူနဲ့ အတူရှိနေမယ်ဆိုတဲ့ မော်ဒယ် ပက်ထရစ်ရှာ

Loading