အဆိုတော်ချယ်ရီသင်းကတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး ချစ်သူကို တကယ်ယူဖြစ်မှသာ ပရိသတ်ကို ချပြမယ်လို့ ဆိုပါတယ်။
“ချယ့် အချစ်ရေးက ဘာမှ မရှိသေးဘူး။ ချယ့်ရဲ့ Fan အစစ်တွေက သိကြတယ်။ ကိုယ့်ဘက်ကျိန်းသေရင်တောင် သူ့ဘက်က ကျိန်းသေချင်မှ ကျိန်းသေတာ ဆိုတော့ ရည်းစားရပြီဆို တကယ်ယူမယ်ဆိုမှ ချပြတာပဲ ကောင်းပါတယ်။ မိန်းကလေးတော်တော်များများ အရမ်းချစ်ပြီဆိုရင် အွန်လိုင်းပေါ်မှာ ချပြချင်တယ်ပေါ့။ တကယ်လက်ထပ်တော့မယ် ဆိုရင်တော့ ချပြမှာပါ။ အခုတော့ လိုပါသေးတယ်” လို့ ချယ်ရီသင်းက ပြောပါတယ်။
အချစ်ရေးပေါ် သူမရဲ့ ခံယူချက်ကိုလည်း အဆိုတော် ချယ်ရီသင်းက အခုလိုပဲ ဆိုပါတယ်။
“သီချင်းထဲကလိုတော့ မရှိဘူး။ အရင်ကြိုက်ဖူးတဲ့သူတွေကလည်း တည်တည်ငြိမ်ငြိမ်ပဲ။ တယောက်နဲ့ တယောက်က သဘောထားမတိုက်ဆိုင်လို့သာ လမ်းခွဲလိုက်ကြပေမယ့် အခုချိန်ထိ မောင်နှမတွေလို သံယောဇဉ် ရှိပါတယ်။ အချစ်နဲ့ ပတ်သက်ပြီးလည်း အရမ်းနားမလည်ဘူး။ ကိုယ်တိုင်ကလည်း မိန်းကလေးအရမ်း မဆန်ဘူးလေ။ မရိုတတ်တဲ့ထဲမှာလည်း ပါလို့ဖြစ်မှာပါ”
“လမ်းခွဲလိုက်လို့ နောင်တရတာမျိုး မရှိဘူး။ ကိုယ်ချစ်ဖူးတဲ့ သူကိုလည်း သူတို့ကို ချစ်တယ်လို့ ပြောခဲ့ရတာကိုက ကျေနပ်စရာကောင်းနေပြီဆိုတော့ နောင်တရခဲ့တာမျိုးလည်း မရှိဘူး။ ပြတ်သွားပြီဆို ပေမယ့်လည်း သူတို့ကို သံယောဇဉ် ရှိတဲ့အတွက်အဆင်ပြေပြီး ကောင်းမွန်တဲ့မိန်းမတွေ ရစေချင်သလို ကလေးတွေအများကြီးမွေးပြီး ပျော်ရွှင်တဲ့ အဖေတွေပဲ ဖြစ်စေချင်တယ်။ ချယ်ထားဖူးတဲ့ ချစ်သူ နှစ်ယောက်လုံးက သစ္စာအရမ်းရှိကြပေမယ့် နှစ်ယောက် Lifestyle မတူလို့သာ ပြတ်သွားတာပါ”လို့ ချယ်ရီသင်းက ပြောပါတယ်။
ဂီတနဲ့ ပတ်သက်လို့ သီချင်းသစ်တွေလည်း ထွက်ဖို့ရှိသလို သင်္ကြန်သီချင်းတွေလည်း ထွက်ဖို့ ရှိတယ်လို့ ချယ်ရီသင်းက ဆိုပါတယ်။
ဒါ့အပြင် အဆိုတော်ပိုပိုရဲ့ တကိုယ်တော်ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် ချယ်ရီသင်းက ပိုပိုက ပွဲအတွက် ပိုက်ဆံ အများကြီး သုံးထားတာကြောင့် ပရိသတ်တွေကို လာစေချင်တယ်လို့ ဆိုပါတယ်။
“မပိုရဲ့ တကိုယ်တော်ရှိုးမှာ Single နှစ်ပုဒ် ဆိုမယ်။ မပိုတို့နဲ့ တပုဒ် ဆိုမယ်။ ဒီပွဲမှာဆိုဖို့ ချယ် ကိုယ်တိုင်လည်း အရမ်းကို ရင်ခုန်နေပါတယ်။ မပိုရှိုးပွဲက ပရိသတ်တွေ လာကြည့်ရတာတန်တဲ့ ရှိုးပွဲတခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ချယ်က မပိုကို အားကျရတဲ့ အချက်တွေ ကအများကြီးပဲ။ သူကအရမ်းကြိုးစားတယ်။ ဒီပေါ်မှာလည်း ပိုက်ဆံ အများကြီး သုံးထားတာကြောင့် ပရိသတ်တွေကို လာစေချင်တယ်”
“သူပိုက်ဆံအများကြီး သုံးထားပေမယ့် ဘယ်လောက်ပြန်ရမယ်လဲ ဆိုတာမျိုးမရှိဘဲ ပရိသတ်တွေ ပေးရတာနဲ့တန်အောင်လို့ သူကြိုးစားပြမယ်ဆိုတဲ့ စိတ်နဲ့လုပ်တာမို့ ချယ်အနေနဲ့ မပိုစိတ်ကို လေးစားအားကျရတယ်။ သီချင်းရေးတာလည်း တော်တယ်။ အရမ်းပွင့်လင်းတယ်။ သဘောကျတယ်။ ကြားထဲမှာ ရောဂါတွေ ဖြစ်နေပေမယ့် ပွဲမတိုင်ခင် ပျောက်ရင် ပျောက်သွားမှာပါ။ ချယ်တို့ကတော့ အဆင်ပြေစေချင်တယ်။ ဆုလဲတောင်းနေတယ် ”လို့ ချယ်ရီသင်းက ပြောပါတယ်။
ချယ်ရီသင်းကို ပရိသတ်တွေ စတင်သိရှိခဲ့တာက “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” ဆိုတဲ့ တေးသီချင်းနဲ့ သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ Shwe FM ဂီတ ဆုပေးပွဲမှာတော့ “ခွင့်လွှတ်ပေးဖို့ တောင်းပန်ချင်” သီချင်းနဲ့ ချယ်ရီသင်းက Shwe FM Facebook Page မှတဆင့် သီချင်းတောင်းဆိုမှု အများဆုံး အမျိုးသမီးဆုကို ရရှိခဲ့ပါတယ်။
You may also like these stories:
ချစ်သူသက်တမ်း တလျှောက်လုံး အမှတ်တရ ရှိစေမယ့် Valentine’s Day လက်ဆောင်များ
“ချစ်သူများနေ့အပေါ် ထူးကဲပြီး စိတ်ခံစားမှု မရှိပါဘူး”လို့ သင်ဇာဝင့်ကျော် ပြော
Robert Pattinson ကို Batman ဝတ်စုံနဲ့ ပထမဆုံး မြင်လိုက်ရလို့ ပရိသတ်များ အံ့အားသင့်ကြရ