သား နှစ်ယောက်ရဲ့ မိခင်ဖြစ်တဲ့ အကယ်ဒမီ မေသဉ္ဇာဦး ကတော့ သားသမီးတွေနဲ့ ပတ်သက်ပြီး ဘာကိုမှ အတင်းအကျပ် မလုပ်တဲ့ အမေတယောက် ဖြစ်တယ်လို့ ပြောပါတယ်။
“ကိုယ်က သားသမီးတွေကို ဘာကိုမှ အတင်းအကျပ် မလုပ်တဲ့ အမေပေါ့။ ဖြစ်စေချင်တာကတော့ မိဘတိုင်းရှိတဲ့ ဆန္ဒကိုယ့်မှာလည်း ရှိပါတယ်။ အကောင်းဆုံး ဖြစ်စေချင်တယ်။ ဖြစ်မလာတာကိုလည်း အကောင်းဆုံး တွေးပေးနိုင်တဲ့လူလို့ ကိုယ့်ကိုယ်ကိုယ် ထင်ပါတယ်။ လူဆိုတာ ကိုယ့်ဘဝနဲ့ကိုယ် လာတာဖြစ်တဲ့အတွက် လမ်းမှန်ကိုတော့ ပြသဖို့ လိုတာပေါ့နော်” လို့ မေသဉ္ဇာဦးက ပြောပါတယ်။
သားသမီးများအပေါ်မှာတော့ မိဘတိုင်းက အကောင်းဆုံးဖြစ်စေချင်လို့ အကောင်းဆုံး ပံ့ပိုးပေးကြပေမယ့် သူ့ဘာသာ လမ်းကြောင်းပေါ်ရောက်ပါက သူတို့ရဲ့ကံကြမ္မာဖြစ်လာတယ်လို့ ဆိုပါတယ်။
“သားသမီးအပေါ်မှာ မိဘတိုင်းကတော့ ဘယ်မိဘတိုင်းမဆို အကောင်းဆုံးဖြစ်ချင်ကြတာပဲ။ အကောင်းဆုံး ပံ့ပိုးပေးမယ်။ တတ်နိုင်သလောက်ပေါ့နော်။ သူ့ဘာသာ လမ်းကြောင်းပေါ် ရောက်လာရင် ကံကြမ္မာတွေ ဖြစ်လာတာပေါ့။ ကိုယ်ကတော့ အကောင်းဆုံး ပံ့ပိုးပေးမယ်။ နောက်က လိုက်လုပ်ပေးမယ်။ ဒါကတော့ မိဘတိုင်းပါပဲ”
“နားမထောင်တာ၊ နားထောင်တာ သူတို့ အပိုင်းတွေ ဖြစ်ကုန်တာပေါ့။ လူကြီးသူမ စကား နားမထောင်လို့ လမ်းကြောင်းလွှဲထားတာနဲ့ လမ်းကြောင်း မှန်သွားတဲ့သူတွေလည်း ရှိတာပေါ့” လို့ မေသဉ္ဇာဦးကပြောပါတယ်။
သားသမီးနဲ့ ပတ်သက်ပြီး ရောင့်ရဲတတ်တာလားဆိုတာကိုလည်း မေသဉ္ဇာဦးက အခုလို ဆိုပါတယ်။ “ရောင့်ရဲတတ်တယ်ဆိုတာက အတင်းကြီးဖြစ်နေမှာပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖြေသိမ့်တတ်တယ်ပဲ ပြောရမှာပေါ့”လို့ ပြောပါတယ်။
မေသဉ္ဇာဦးရဲ့ သားတဦးဖြစ်တဲ့ မင်းသုခိုင်ကတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတဦးအဖြစ် ပါဝင်ခဲ့ပါသေးတယ်။ မကြာခင်မှာလည်း အကယ်ဒမီပေးပွဲကြီး ပြုလုပ်ကျင်းပတော့မှာဖြစ်တဲ့အတွက် မေသဉ္ဇာဦးအနေနဲ့ သူအကယ်ဒမီ ရခဲ့စဉ်က အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။
“ကိုယ့်တုန်းကကျတော့ မသိဘူးလေ။ ကိုယ်ရမယ်မှန်းလည်း မသိဘူး။ ကိုယ့်ကားလေးတွေ ရှိတဲ့ နှစ်တွေမှာ လိုချင်တယ်။ ရိုက်တုန်းကတော့ ရည်မှန်းပြီး ဒါတော့ အကယ်ဒမီ ရရမယ်။ ဒါကတော့ အကယ်ဒမီ ဇာတ်လမ်းဆိုပြီး ရိုက်ကြတာ မဟုတ်ဘူး။ ဒါပေမဲ့ နီးလာပြီဆိုရင် အားလုံးကလည်း ပြောလာပြီဆိုရင် လိုချင်ကြတာပေါ့”
“ကိုယ်လုပ်ထားတာလေးလည်း ပြန်ခံစားပြီး လိုချင်ကြတယ်။ ဒါပေမဲ့လည်း ရွေးချယ်ရတာတွေ အများကြီး ဖြစ်တဲ့အတွက် စိတ်ထဲမှာသာ လိုချင်တာ၊ မမျှော်မှန်းရဲဘူး။ အရှေ့ကို လူတွေကို ဘယ်လိုပြောလဲ ဘယ်လို ဖိတ်လဲပေါ့။ ဆက်ဆက်လာနော်၊ လာမှာလား မေးတယ်တဲ့။ ကိုယ့်ကျ မမေးဘူးဆိုတော့ ငါတော့ သွားပါပြီပေါ့။ အမျိုးသားကိုတောင် အထဲ မခေါ်ထားဘူး။ ထိုင်ခုံက တယောက်တည်းကို ဖိတ်တာဆိုတော့ ရတော့မှ ဝင်ပေါက်တွေကို ပြောပြီးတော့မှ လာခဲ့ရတာပေါ့”လို့ ပြောပါတယ်။
ယခုနှစ်များနဲ့ ယခင်က သူတို့ရခဲ့စဉ်က ခံစားချက်ချင်း မတူဘဲ အရမ်းကို ရင်ခုန်ခဲ့ရတယ်လို့ ပြောပါတယ်။
“အကယ်ဒမီကတော့ ကိုယ့်အတွက် မရှိဘူး။ အားလုံး ကိုယ့်ရဲ့လောကသားတွေအတွက် ညီအစ်ကိုမောင်နှမတွေအတွက် အားပေးရမှာပေါ့။ ကိုယ့်ကားက ရှိကို မရှိဘူး”လို့ ပြောပါတယ်။ လက်ရှိမှာတော့ မေသဉ္ဇာဦး ပါဝင် သရုပ်ဆောင်ထားတဲ့ “ရွှေမင်းသမီး” ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသလျက် ရှိပါတယ်။
You may also like these stories:
တကယ် လက်ထပ်ဖြစ်မှပဲ ချစ်သူကို တရားဝင် ချပြမယ့် အဆိုတော် ချယ်ရီသင်း
ချစ်သူသက်တမ်း တလျှောက်လုံး အမှတ်တရ ရှိစေမယ့် Valentine’s Day လက်ဆောင်များ
တောရိုင်းတိရစ္ဆာန် ဓာတ်ပုံပြိုင်ပွဲမှာ ကြွက်၂ကောင် ရန်ဖြစ်နေတဲ့ပုံ ပထမဆုရ