သရုပ်ဆောင်အလုပ် ပြောင်းလုပ်ဖို့ လေ့လာနေတဲ့ မော်ဒယ် ငြိမ်းချမ်း
မော်ဒယ်အဖြစ်ကနေ သရုပ်ဆောင်ဘက်ပါ ကူးပြောင်းတော့မယ်ဆိုတဲ့ မော်ဒယ် ငြိမ်းချမ်းက ဘယ်လိုကာရိုက်တာမျိုး လာလာ ရိုက်ကူးနိုင်အောင် ပညာတွေ လေ့လာပြီး ကြိုးစားသွားမှာပါလို့ ဆိုပါတယ်။
“သရုပ်ဆောင်လိုင်း ပြောင်းမှာဖြစ်လို့ သရုပ်ဆောင်လိုင်းကို လေ့လာနေတယ်။ မကြာခင်လည်း ဇာတ်လမ်းတွဲမှာ ပါဝင်သွားဖို့ ရှိပါတယ်။ ဇာတ်ကားတွေ ကမ်းလှမ်းလာရင်လည်း ကျနော်နဲ့ လိုက်ဖက်မယ်ဆိုရင် ရိုက်ကူးသွားမှာပါ။ ကျနော်ကိုယ်တိုင်က အက်ရှင်ပိုင်းကို ကြိုက်တယ်။ ဒါပေမဲ့ အခု ဒရာမာတွေကို လေ့လာဖြစ်နေတယ်။ ဘယ်လို ကာရိုက်တာမျိုး လာလာ ရိုက်ကူးနိုင်အောင်ပညာတွေ လေ့လာပြီး ကြိုးစားသွားမှာပါ”လို့ ငြိမ်းချမ်းကပြောပါတယ်။
ငြိမ်းချမ်းက ခန္ဓာကိုယ်ပိုင်းဆိုင်ရာအတွက် Gym ပုံမှန်ကစားဖြစ်ပြီး မော်ဒယ် သန္တာလှိုင်ရဲ့ T Fitness Application ရဲ့ Brand Ambasor အဖြစ်လည်း ခန့်အပ်ခံထားပါတယ်။

“မသန္တာလှိုင်ရဲ့ T Fitness Application ရဲ့ Brand Ambassorအဖြစ် ခန့်အပ်ခံရတဲ့အတွက် အရမ်းဝမ်းသာတယ်။ အရမ်းလည်း ဂုဏ်ယူမိတယ်။ ကျနော်ကတော့ ဒီထက်မက အောင်မြင်အောင် တတ်နိုင်သလောက် ကြိုးစားသွားမှာပါ”
“ကျနော်က Gym ပုံမှန်တော့ ကစားနေကျပါ။ အခုနောက်ပိုင်းတော့ Gym သိပ်မဆော့ဖြစ်ဘူး။ ဒါပေမဲ့လည်း T Fitness Application နဲ့တော့ အမြဲဆော့ဖြစ်ပါတယ်။ ဒီ T Fitness Applicationက ဆောင်ထားသင့်ပါတယ်။ အလုပ်ရှုပ်နေတဲ့သူတွေ၊ အိမ်မှာ အေးအေးဆေးဆေး လုပ်နိုင်ပါတယ်”လို့ ငြိမ်းချမ်းက ဆိုပါတယ်။
အချစ်ရေး မစဉ်းစားသေးဘူးဆိုတဲ့ ငြိမ်းချမ်းက လောလောဆယ်တော့ အနုပညာကို အောင်မြင်အောင်လုပ်ဖို့ပဲ စိတ်ကူးရှိတယ်လို့ ဆိုပါတယ်။
“အချစ်ရေးတော့ မစဉ်းစားမိသေးဘူး။ ကျနော်က အခုမှ အနုပညာလောကထဲမှာ ကျောင်းစတက်တဲ့ အရွယ်ပဲ ရှိသေးတော့ အနုပညာနဲ့ ပတ်သက်တာတွေကို လေ့လာနေတော့ အဆင့်ကျော်ပြီး ရည်းစားထားဖို့တော့ မစဉ်းစားသေးဘူး။ အခု လောလောဆယ်တော့ အနုပညာကို အောင်မြင်အောင်လုပ်ဖို့ပဲ စိတ်ကူးရှိပါတယ်” လို့ ငြိမ်းချမ်းက ဆိုပါတယ်။
ချစ်သူများနေ့မှာတော့ ပွဲတွေတက်ရောက်ဖို့သာ ရှိပြီး ကြိုက်နှစ်သက်တဲ့ ကောင်မလေးပုံစံကိုလည်း အခုလို ပြောပြပါတယ်။
“Valentine’s Day ကျနော် ပွဲမှာပဲ ရှိမှာပါ။ ကျနော် အရင် Valentine’s Dayတွေတုန်းကတော့ ချောကလက် လက်ဆောင် ရဖူးတယ်။ ကျနော် ကိုယ်တိုင်လည်း အရင်တုန်းက ကျနော်ကြိုက်တဲ့ ကောင်မလေးကို ချောကလက်တွေ ပန်းတွေ လက်ဆောင်ပေးဖူးတယ်။ အိန္ဒြေရှိရှိလေးနဲ့ ပုံစံလေးဆို ကြိုက်တယ်။ ဖူးစာပါလို့ ဆုံတွေ့ခွင့်ရမယ်ဆိုရင် သူ ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကျနော့်ဘက်က အရာအားလုံးကို လက်ခံပေးမှာပါ ”လို့ ငြိမ်းချမ်းက ပြောပါတယ်။