ဆိုရှယ်မီဒီယာ အားကောင်းလာတဲ့ ခေတ်မှာ အနုပညာရှင်အများစုက ဆိုရှယ်မီဒီယာပေါ်မှ တဆင့် ပရိသတ်နဲ့ နီးစပ်အောင် အမျိုးမျိုး ကြိုးစားကြတာတွေရှိပေမယ့် အောင်ရဲလင်းကတော့ ဆိုရှယ်မီဒီယာမှာ သူ့ရဲ့အနုပညာ အကြောင်းကလွဲလို့ သိပ်မတင်ဖြစ်ဘဲ Facebook ပေါ်မှာ မချစ်ချင်ဘူးလို့ ပြောပါတယ်။
“ကျနော် Facebook ပေါ်မှာတော့ မချစ်ချင်ဘူး။ အပြင်မှာပဲ ချစ်ချင်တယ်။ ဒါကြောင့် အများကြီး မ Share ဖြစ်တာပေါ့။ တချို့ကျတော့လည်း အဲ့လိုမျိုး ကြိုက်တဲ့သူ ရှိတယ်။ တချို့ကျတော့လည်း အဲ့လိုမျိုး ဝေးနေတဲ့သူ ရှိတယ်။ ကျနော်ကျတော့ ဝေးနေတဲ့ထဲမှာ ပါတာပေါ့”
“ကျနော်က အပြင်မှာပဲ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းဖြစ်တယ်။ လုပ်ဖြစ်တယ်။ Facebook ပေါ်မှာ သိပ်ပြီးတော့ Personal နဲ့ ပတ်သက်တဲ့ ကိစ္စတွေ သိပ်မတင်ဖြစ်ဘူး။ Status တွေလည်း သိပ်မတင်ဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အပြင်ဘဝမှာ နေရတာကိုပဲ ကြိုက်လို့ပါ။ ကျန်တာတော့ အထွေအထူး မရှိပါဘူး”လို့ အောင်ရဲလင်းက ပြောပါတယ်။
ပြဿနာတခုဖြစ်ခဲ့ရင်လည်း အွန်လိုင်းပေါ်မှာထက် အပြင်မှာ ကိုယ်တိုင်ဖြေရှင်းရတာကို ကြိုက်ပြီး Personal (ကိုယ်ရေးကိုယ်တာ) ကိစ္စများကို မပြောဖြစ်ဘူးလို့ ဆိုပါတယ်။
“ကျနော်က အွန်လိုင်းပေါ်မှာ ဖြေရှင်းရတာထက်စာရင် ကိုယ့်ဘာသာ ဖြေရှင်းရတာ ကြိုက်တယ်။ ကိုယ့်အကြောင်း ကိုယ့်ဘာသာ ဖြေရှင်းလိုက်တာ အကောင်းဆုံးပဲလို့ ကျနော့်ဘာသာ ခံယူထားတာပေါ့။ အဲဒါကြောင့်လည်း ပါစင်နယ်ကိစ္စတွေ မပြောဖြစ်တာ ပါပါတယ်။ သိပ်မတင်ဖြစ်တာလည်း ပါပါတယ်။ ဖြစ်လာရင်လည်း ဖြစ်လာသလို အပြင်မှာပဲ ဖြေရှင်းလိုက်တယ်”လို့ အောင်ရဲလင်းက ပြောပါတယ်။
သူ့ရဲ့ပရိသတ်များအနေနဲ့လည်း အခုထက်ပိုပြီး Facebook ကို သုံးစေချင်တဲ့အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်လို့ သိရပါတယ်။
“Facebook မှာတော့ ကျနော်နဲ့ ပတ်သက်တဲ့ အနုပညာ အကြောင်းအရာတွေ၊ ဓာတ်ပုံတွေ ဒီလောက်ပဲတင်ဖြစ်ပါတယ်။ ပြီးတော့ တော်တော်များများကလည်း ကျနော့်ကို Facebook သုံးတာ ဒီထက်ပိုပြီး သုံးစေချင်ကြတယ်။ ဒီထက်ပိုပြီး ပုံတွေ တင်စေချင်ကြတယ်။ ကျနော် အကောင်းဆုံး ဖြစ်အောင် ကြိုးစားနေပါတယ်”လို့ အောင်ရဲလင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ Valentine’s Day မှာတော့ ရုပ်ရှင်ရိုက်ကွင်း ရှိနေပေမယ့် ပရိသတ်တွေအနေနဲ့ သူဘယ်မှာရှိမှန်း မသိတာကြောင့် လက်ဆောင်ပို့တာတွေ မရှိခဲ့ဘူးလို့ ပြောပါတယ်။
“ဒီနှစ်ကတော့ ကျနော့်ကို ပရိသတ်တွေကလည်း ဘယ်နားမှာ ရှိလို့ရှိမှန်း မသိဘူး ထင်ပါတယ်။ လက်ဆောင် ပို့တာမျိုးတော့ မရှိပါဘူး။ ကျနော်ကတော့ ချစ်သူများနေ့ကို ရိုက်ကွင်းမှာ ဖြတ်သန်းနေတာပေါ့”လို့ အောင်ရဲလင်းက ပြောပါတယ်။
မကြာခင် ရက်ပိုင်းမှာလည်း အောင်ရဲလင်း ပါဝင်ထားတဲ့ “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကား ရုံတင်ပြသတော့မှာဖြစ်ပြီး ရွှေမှုံရတီ၊ ကောင်းပြည့်တို့နဲ့အတူ သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“မိသားစု ဒရာမာလည်း ပါတယ်။ Suspense လည်း ပါတယ်။ စိတ်လှုပ်ရှားစရာပေါ့။ သည်းထိတ်ရင်ဖိုလေးတွေရော ရသစုံ ပါတယ်။ ကျနော့်ရဲ့ကာရိုက်တာက ငွေပေးရင် ဘာမဆိုလုပ်တဲ့ ပုံစံမျိုးပေါ့။ အဲဒါကြောင့် အလုပ်တခု လက်ခံဖြစ်သွားတယ်။ အိမ်မှာဆို အလုပ် မရှိဘူးပေါ့။ ပိုက်ဆံရမယ်ဆိုရင် အလုပ်ကို လက်ခံပြီးတော့ ကာရိုက်တာထဲက အလုပ်ကို လက်ခံဖြစ်သွားတာပေါ့။ ဗီလိန်တော့ သိပ်မဆန်ဘူး” လို့ အောင်ရဲလင်းက ပြောပါတယ်။
သရုပ်ဆောင် အောင်ရဲလင်းကတော့ နောက်ပိုင်း ရုပ်ရှင် ရိုက်ကူးမှုများမှာ သူကိုယ်တိုင် စိတ်ဝင်စားပြီး ကြိုက်နှစ်သက်တဲ့ ဇာတ်ကားများကိုသာ လက်ခံ ရိုက်ကူးဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“ဓားနဲ့ပဲလှီးလှီး ဆေးပဲထိုးထိုး လုံးဝ မကြောက်တတ်တဲ့ မိန်းမ”လို့ ပြောတဲ့ နေခြည်ဦး
ပူစပ်စပ် အရသာနဲ့ စီချွမ်စတိုင် ငရုတ်သီးဆီချက် ဖက်ထုပ်ပေါင်း လုပ်နည်း
မိမိကို မကောင်းကြံသူတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးတဲ့ ကျောက်မျက်များ