ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် တရားရုံးမှာ ဥပဒေပုဒ်မ ၃၂၃၊ နာကျင်စေမှုဖြင့် ရည်းစားဟောင်းဖြစ်သူ မော်ဒယ် သံစဉ်မောင်ရဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ သရုပ်ဆောင် နေဒွေးက သူ့ဘက်မှာလည်း သက်သေ အခိုင်အလုံ ရှိတာကြောင့် အခုအချိန်မှာ လူရှေ့ထွက်ပြီး အလုပ်လုပ်နေတာဖြစ်တယ်လို့ ပြောပါတယ်။
“သက်သေ ရှိလို့ပေါ့။ မရှိလို့ကတော့ အခုအချိန်မှာ တော်တော်ကြောက်နေပြီလေ။ လူရှေ့လည်း ထွက်ရဲမှာ မဟုတ်ဘူး။ အလုပ်လည်း လုပ်ရဲမှာ မဟုတ်ဘူး။ ဒါကြီးက လက်တွေကို အပိုင်းပိုင်း ချိုးခဲ့တယ်။ ဒီလို သွေးထွက်သံယိုဆိုရင် သာမန် နာကျင်စေမှု မဟုတ်တော့ဘဲ အပြင်းအထန် နာကျင်စေမှု ဖြစ်သွားပြီ”
“အခုက သာမန် နာကျင်စေမှု ပြစ်ဒဏ်လည်း ရှိတယ်။ ဒဏ်ငွေလည်း ရှိတယ်။ ကျနော်တို့က လေ့လာထားတာပေါ့။ အဲ့အတွက် ကျနော့်မှာ သက်သေ အခိုင်အလုံ ရှိတယ်။ ရုံးတော်မှာ ဖြေရှင်းမယ်။ အခုကပြောပြဖို့က အဆင်မပြေဘူးလေ။ ဒီအချိန်မှာ ဝိုင်းဆဲတာတော့ ခံရမှာပဲ။ တချိန်ကျရင်တော့ အဖြေဆိုတာလည်း ပေါ်လာမှာပဲ။ အဲ့အချိန်ကျ အဆင်ပြေသွားမှာပါ”လို့ နေဒွေးက ပြောပါတယ်။
လက်ရှိမှာတော့ နေဒွေးက သူ့အား စွဲဆိုထားတဲ့ ပုဒ်မ ၃၂၃ အတွက် အရင်ဆုံး ရင်ဆိုင်သွားမှာဖြစ်ပြီး ဒီအမှု နိုင်သွားရင်တော့ သူ့ရဲ့ ဂုဏ်သိက္ခာအတွက် ပြန်လည် လုပ်ဆောင်သွားသွားမယ်လို့ ဆိုပါတယ်။
“လောလောဆယ်မှာ သူတို့က ကျနော့်ကို ပုဒ်မ တပ်ထားတာက ၃၂၃ သာမန် နာကျင်စေမှုပေါ့။ အဲ့ပုဒ်မကို အရင်ဆုံး ရင်ဆိုင်မယ်။ ကျနော့်ဘက်မှာ သူ့ကို ဘာမှ နာကျင်အောင် မလုပ်ထားဘူး။ ဘာမှ ထိခိုက်နစ်နာအောင် မလုပ်ထားဘူးဆိုတာ အရင်ရင်ဆိုင်ပြီးမှ နိုင်သွားပြီဆိုရင် ကျနော့်ရဲ့ ဂုဏ်သိက္ခာအတွက် ပါလာမှာပေါ့” လို့ နေဒွေးက ပြောပါတယ်။
နေဒွေးက သူ့ဘက်မှာလည်း ခိုင်လုံတဲ့ သက်သေများနဲ့ ရှေ့ဆက်သွားမှာဖြစ်ပြီး သက်သေအတုလည်း သွားတင်လို့ မရဘူးလို့ ဆိုပါတယ်။
“ကျနော်က ပြန်ပြီးတော့ မတုန့်ပြန်ဘူးခင်ဗျ။ အခုအချိန်ထိ သူ့ကို တုန့်ပြန်တာ ဘာမှမရှိဘူး။ ကျနော့်ကိုယ် ကျနော် အကောင်းဆုံး အခြေအနေကို ရပ်တည်ပြီးနေတယ်။ ကျနော် စောင့်နေတယ်။ ကျနော့်ကိုသူ့ဘက်ကစပြီး တရားစွဲတယ်ဆိုတော့ အကောင်းဆုံး ရင်ဆိုင်ရမှာပေါ့”
“တရားရုံးက အပြစ် မရှိဘူးဆိုရင် ကျနော့်ဘက်ကလည်း ဂုဏ်သိက္ခာအတွက် ပြန်ပြီးတော့ပေါ့နော်။ ပြီးတော့ သက်သေအတုလည်း သွားတင်လို့ မရဘူး။ တရားရုံးက ကလေးကစားစရာ မဟုတ်ဘူး။ သက်သေအတု တင်ရင် ပယ်မှာပဲ။ သက်သေဆိုတာ ခိုင်လုံတဲ့သက်သေရှိမှ အဆင်ပြေမှာ အဲဒါနဲ့ပဲရှေ့ဆက်ရမှာပဲ”လို့ နေဒွေးက ပြောပါတယ်။
ဒီပြစ်မှုအတွက်လည်း လုပ်ထားလား၊ မလုပ်ထားလားဆိုတာကို ကိုယ်တိုင် အသိဆုံးဖြစ်ပြီး စွပ်စွဲခံရရင်လည်း သက်သေအထောက်အထားနဲ့ပြန်လည် တုန့်ပြန်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
“အဓိကက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့ပဲ လိုတယ်။ ဒါကြီးက ကိုယ်တိုင်လုပ်ထားလား၊ မလုပ်ထားလားဆိုတာ ကိုယ်တိုင် အသိဆုံးပဲလေ။ မိန်းကလေးဆိုတာက အားနွဲ့တာကိုး။ အားနွဲ့တဲ့ မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် မလုပ်တာ အကောင်းဆုံးပဲ။ စွပ်စွဲခံရရင်လည်း ကိုယ့်အတွက်က သက်သေအထားနဲ့ ပြန် တုန့်ပြန်နိုင်ဖို့လည်း အရေးကြီးတယ်” လို့ နေဒွေးက ပြောပါတယ်။
သရုပ်ဆောင် နေဒွေးကိုတော့ ရည်းစားဟောင်းဖြစ်သူ မော်ဒယ် သံစဉ်မောင်က ဇန်နဝါရီလ ၂၄ ရက်နေ့က တာမွေမြို့နယ် တရားရုံးမှာ စတင် တရားစွဲဆိုခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၇ ရက်နေ့က ချိန်းဆိုခဲ့တဲ့ ရုံးချိန်းကိုတော့ နေဒွေး တက်ရောက်ခဲ့ခြင်း မရှိဘဲ သမ္မာန်စာနဲ့ ခေါ်ယူပါက ရုံးချိန်းကို သွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
Facebook ပေါ်မှာထက် အပြင်မှာပဲ ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ အောင်ရဲလင်း
“ဓားနဲ့ပဲလှီးလှီး ဆေးပဲထိုးထိုး လုံးဝ မကြောက်တတ်တဲ့ မိန်းမ”လို့ ပြောတဲ့ နေခြည်ဦး
နှစ်စဉ် ဟိန္ဒူဘာသာဝင် ၂ သိန်းကျော် လာရောက်လေ့ရှိတဲ့ လားရှိုးမြို့က ရှန်ခိုက်ပွဲတော်