‘Parasite’ ဒါရိုက်တာ Bong Joon-ho ဟာ သမိုင်းဝင် အော်စကာဆု ၄ ခုကို ဆွတ်ခူးရရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာပဲ တောင်ကိုရီးယားနိုင်ငံကို ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အခုလိုမျိုး အော်စကာဆုတွေ သိမ်းပိုက်ပြီး ပြန်လာတဲ့ ဒါရိုက်တာ Bong ကို လေဆိပ်မှာ ပြည်သူတွေက လက်ခုပ်လက်ဝါးတီး ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။
သတင်းထောက်တွေနဲ့ ပရိသတ် ၃၀၀ လောက်ဟာ အင်ချွန်း နိုင်ငံတကာလေဆိပ်ကို ဒါရိုက်တာ Bong ပြန်လည် ရောက်ရှိလာချိန်မှာ နှုတ်ဆက်ဖို့ စောင့်ဆိုင်းခဲ့ကြပါတယ်။
ဒါရိုက်တာ Bong က “အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ အားလုံး အဆင်ပြေကြပါစေဖို့ ကျနော်က ခင်ဗျားတို့ကို ပြန်ပြီး အားပေးချင်ပါတယ်။ ကျနော့် လက်တွေကို သေသေချာချာ ဆေးကြောပြီး ကိုရိုနာဗိုင်းရပ်စ်ကို ကျော်လွှားဖို့ ကြိုးပမ်းမှုမှာ ပါဝင်ပါ့မယ်။ အိမ်ပြန်လာရတာ ပျော်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။
‘Parasite’ ရုပ်ရှင်ဟာ ၉၂ နှစ် ကြာညောင်းခဲ့ပြီဖြစ်တဲ့ အော်စကာဆုသမိုင်းမှာ အကောင်းဆုံး ဇာတ်ကားဆု ရရှိတဲ့ ပထမဆုံး နိုင်ငံခြားစကားပြော ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါရိုက်တာ Bong အတွက် အကောင်းဆုံး ဒါရိုက်တာဆုနဲ့ ဇာတ်ညွှန်းဆုအပြင် အကောင်းဆုံးနိုင်ငံတကာစကားပြော ရုပ်ရှင်ဆု အပါအဝင် အော်စကာဆု ၄ ဆု ပိုင်ဆိုင်ရရှိခဲ့ပါတယ်။
အဲ့ဒီရုပ်ရှင်ဟာ ချမ်းသာတဲ့ Park မျိုးရိုးမိသားစုနဲ့ ဆင်းရဲတဲ့ Kim မျိုးရိုးမိသားစု နှစ်ခုကြားက ဇာတ်လမ်းဖြစ်ပြီး အာရှရဲ့ စတုတ္ထမြောက် စီးပွားရေး အင်အားအကြီးဆုံးနိုင်ငံမှာ နက်နက်ရှိုင်းရှိုင်း ဖြစ်တည်လာတဲ့ ဆင်းရဲ ချမ်းသာ ကွာဟမှုကို ထင်ဟပ်စေခဲ့ပါတယ်။ ကမ္ဘာတဝန်းမှာရှိတဲ့ ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက် အားပေးမှုကို ခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ကိုရီးယားလူမျိုးတွေဟာ အခုလိုအောင်မြင်မှုနဲ့ ပတ်သက်ပြီး ဂုဏ်ယူဝံ့ကြားစွာ ရှိနေခဲ့ကြပါတယ်။ ဒေသတွင်းမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေနဲ့ ရုပ်သံလိုင်းတွေကလည်း အဲ့ဒီရုပ်ရှင်နဲ့အတူ ဒါရိုက်တာ Bong ရဲ့ ‘Snowpiercer’ နဲ့ ‘Memories Of Murder’ ရုပ်ရှင်တွေကိုလည်း ပြန်လည် ပြသနေကြပါတယ်။
ဒါရိုက်တာ Bong နဲ့ ‘Parasite’ အဖွဲ့သားတွေဟာ လာမယ့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲတခုကို ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။
Ref: Reuters
You may also like these stories:
ဒါရိုက်တာ Bong Joon-ho နဲ့အတူ အော်စကာဆုကိုင်ပြီး ဓာတ်ပုံရိုက်ခဲ့လို့ Honey Lee ဝေဖန်ခံရ
အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆုကို “Parasite” ရုပ်ရှင် ထိုက်ထိုက်တန်တန် ရရှိ
ဗြိတိသျှအကယ်ဒမီ ဆုပေးပွဲမှာ ဆု ၂ ဆု ရခဲ့တဲ့ “Parasite” ရုပ်ရှင်