Entertainment

ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်မှုကြောင့် တရုတ်နိုင်ငံမှာလုပ်မယ့် ‘No Time To Die’ အထူးပွဲကို ဖျက်သိမ်း

ဂျိမ်းစ်ဘွန်း ရုပ်ရှင်အသစ် ဖြစ်တဲ့ “No Time to Die” ထဲက မင်းသား Daniel Craig နဲ့ တခြား သရုပ်ဆောင်တွေဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ကာလရှည် စီစဉ်ထားခဲ့ပြီး တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် နယ်လှည့်ပွဲနဲ့အတူ ပေကျင်းမြို့မှာ ကျင်းပမယ့် အထူးပွဲကို တက်ရောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

The Sunday Times သတင်းရဲ့အဆိုအရ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ဟန့်တားဖို့ တရုတ်နိုင်ငံတဝန်းမှာရှိတဲ့ ရုပ်ရှင်ရုံပေါင်း ၇ သောင်းကျော်ကို ပိတ်လိုက်ရပြီးတဲ့နောက် အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့အထိတော့ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၆၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

“No Time to Die” အတွက် အထူးပွဲကို လာမယ့် ဧပြီလမှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ ဆိုပေမယ့် အဲ့ဒီအစီအစဉ်တွေ အားလုံးကို အခုတော့ ဖျက်သိမ်းလိုက်ပြီလို့ သိရပါတယ်။ ရုံဝင်ငွေ ရရှိမှုမှာ ကမ္ဘာ့ဒုတိယအကြီးမားဆုံး နယ်မြေဖြစ်တဲ့ တရုတ်နိုင်ငံက ရုပ်ရှင်ရုံတွေ ပိတ်သိမ်းခံရမှုဟာ ဟောလိဝုဒ်အတွက်လည်း ကြီးမားတဲ့ ရိုက်ခတ်မှုတွေ ဖြစ်ပေါ်စေပါတယ်။

007 အေးဂျင့်အဖြစ် မင်းသား Daniel Craig က နောက်ဆုံး သရုပ်ဆောင်ထားတဲ့ “No Time to Die” ရုပ်ရှင်ဟာ ထွက်ခဲ့ဖူးသမျှ ဂျိမ်းစ်ဘွန်း ရုပ်ရှင်တွေထဲမှာ ဝင်ငွေ အကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပေမယ့် အခုတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေ အထူးတလည် နာမည်ကျော်တဲ့ တရုတ်နိုင်ငံကနေ ရရှိမယ့် ဝင်ငွေ ပါဝင်လာတော့မှာ မဟုတ်ပါဘူး။

ဖျော်ဖြေရေး သုတေသနကုမ္ပဏီ Exhibitor Relations မှ အကြီးတန်းလေ့လာသူ Jeff Bock က “ကမ္ဘာတဝန်းမှာ ဝင်ငွေ ၁ ဘီလီယံလောက်ရှိတဲ့ ရုပ်ရှင်တခုအကြောင်း ပြောကြတဲ့အခါ တရုတ်နိုင်ငံကနေ ရရှိလာတဲ့ ဝင်ငွေကို ချန်ထားခဲ့ပြီး ပြောလို့ မရပါဘူး” လို့ ဆိုပါတယ်။

ခန့်မှန်းချက်တွေအရ တရုတ်နိုင်ငံမှာ ရှိတဲ့ ရုပ်ရှင်ရုံတွေကို ဇန်နဝါရီလ ၂၄ ရက်နေ့ကစလို့ ပိတ်သိမ်းခဲ့ပြီးတဲ့နောက် နိုင်ငံတွင်းက ရုံဝင်ငွေတွေဟာ ဒေါ်လာ ၄ သန်းအထိ ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် အလားတူကာလအတွင်းမှာတော့ ရုံဝင်ငွေဟာ ဒေါ်လာ ၁ ဒဿမ ၃ ဘီလီယံအထိ ရရှိခဲ့ပါတယ်။

“No Time to Die” ရုပ်ရှင်ကို လာမယ့် ဧပြီလ ၁၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

Ref: etcanada

You may also like these stories:

ဂျိမ်းစ်ဘွန်း ဇာတ်ကောင်နေရာမှာ အမျိုးသမီး ဘယ်တော့မှ ဖြစ်မလာနိုင်ဘူးလို့ ထုတ်လုပ်သူ ပြော

ဂျိန်းစ်ဘွန်း ရုပ်ရှင်အသစ်ဖြစ်တဲ့ “No Time To Die” ပထမဆုံး Trailer ထွက်ရှိ

“No Time To Die” ရုပ်ရှင်အထိပဲ James Bond နေရာမှာ သရုပ်ဆောင်မယ့် Daniel Craig

Loading