ဒုတိယမြောက် တကိုယ်တော်အခွေ “Twenty” အယ်လ်ဘမ် ထွက်ရှိလာတဲ့ အဆိုတော် ငဲငယ်လေးက အခွေအတွက် ဖခင်ဖြစ်သူ ချစ်စမ်းမောင်နဲ့ အငြင်းအခုန်တွေ ဖြစ်ခဲ့ပေမယ့် ဖခင်စကားကိုပဲ နားထောင်ခဲ့တယ်လို့ ဆိုပါတယ်။
“ငယ်လေး ၂၀၁၉ တုန်းက အသက် ၂၀ ပြည့်တယ်။ အဲဒီတုန်းက ထွက်ချင်တာ။ ဒါပေမဲ့ ပါးပါးက အမှတ်တရလေးဖြစ်အောင်ဆိုပြီး ၂၀၂၀ မှာပဲ ထွက်လိုက်ပါ။ နှစ်လပိုင်း ၂၀ ရက်မှာ Twenty ဆိုတဲ့ အယ်လ်ဘမ်လေး ထွက်ရှိမှာ ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ Bonus ထည့်ပေးထားတယ်။ ဦးရွှေဂျော်ဂျော် ရေးထားပေးတဲ့ ငယ်လေး အသက် ၆ နှစ်တုန်းက အသံသွင်းဆိုထားတဲ့ “I Love You ပြောတတ်တဲ့ ဝက်ဝံ”ဆိုတဲ့ သီချင်းလေးထည့်ပေးထားပါတယ်”
“ငယ်လေး ဒီခွေထဲမှာ ရော့ခ်ဘက်ကို ပိုသွားဖြစ်တယ်။ အကြမ်းကြီးတွေ မိန်းကလေးနဲ့ မလိုက်တဲ့ ပုံစံမျိုး မဟုတ်ဘဲ မိန်းကလေးနဲ့ လိုက်မယ့် ပုံစံမျိုး ထည့်ထားတယ်။ ငယ်လေးက Recording ပိုင်းအရမ်းအားနည်းတယ်။ ရှိုးတွေပဲဆိုနေတော့ Recording အတွက် ပါးပါးက သင်ကြားပေးခဲ့တယ်။ ပါးပါးနဲ့ လည်း အငြင်းအခုန်တွေ ဖြစ်ခဲ့ပေမယ့် ပါးပါးက ဝါရင့်တော့ သူ့စကားကိုပဲ နားထောင်ခဲ့ပါတယ်”လို့ ငဲငယ်လေးက ပြောပါတယ်။
အဆိုတော် ငဲငယ်လေးကတော့ ဒုတိယ အယ်လ်ဘမ် ထွက်ရှိတာဟာ ဘဝအတွက် မှတ်တိုင်တခုပါလို့ ဆိုပါတယ်။
“စီးပွားရေးအတွက် ကြည့်မယ်ဆိုရင် ကျိန်းသေပေါက် ရှုံးမှာပဲဆိုပေမယ့် ငယ်လေးအတွက်တော့ ဒုတိယ အယ်လ်ဘမ် ထွက်တယ်ဆိုတာ ဘဝအတွက် မှတ်တိုင်တခုပေါ့။ ကိုယ်ချစ်မြတ်နိုးတဲ့အရာကို လုပ်ရတာ ကျေနပ်တယ်။ ပိုက်ဆံကြောင့် မဟုတ်ဘူး။ ပရိသတ်တွေလည်း ငယ်လေး သီချင်းတွေကို အားပေးလို့ ကျေးဇူးတင်တယ်”
“အခုချိန်မှာလည်း Twenty ဆိုတဲ့ အယ်လ်ဘမ်လေးကို အများကြီးလည်း ကြိုးစားထားတယ်။ သီချင်းပုံစံတွေလည်း ပရိသတ်တွေ ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ ငယ်လေးကိုလည်း ဝေဖန် အကြံပေးပါဦး”လို့ ငဲငယ်လေးက ပြောပါတယ်။
အဆိုတော် ငဲငယ်လေးဟာ နာမည်ကျော် Iron Cross Band မှ ဂစ်တာသမား ချစ်စမ်းမောင်ရဲ့ သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့ ဂီတအမွေကို ဆက်ခံပြီး ဂစ်တာတီးတဲ့အပြင် သီချင်းများကို ကိုယ်တိုင်ရေးသားသီဆိုလျက် ရှိပါတယ်။
ငဲငယ်လေးက “အိပ်မက်နဲ့ စိတ်ဓာတ်” ဆိုတဲ့ ပထမဆုံး တကိုယ်တော် အခွေ ထွက်ရှိခဲ့ပြီး “ထာဝရ ချစ်သူ” ၊ “ကျေနပ်ပါတယ်” ဆိုတဲ့ သီချင်းတွေနဲ့ ပရိသတ်တွေကြားမှာ အားပေးမှု ရရှိထားပါတယ်။
You may also like these stories:
ငယ်ငယ်ကတည်းက အိပ်မက်က အဆိုတော်၊ ဂစ်တာသမား ဖြစ်ချင်တာပါ
ဖခင်ဖြစ်သူ ချစ်စမ်းမောင်နဲ့ Tik Tok တင်လိုက်လို့ စိတ်ဆိုးခံခဲ့ရတဲ့ ငဲငယ်လေး