ဒါရိုက်တာ ဇာဂနာ ရိုက်ကူးပြီး၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ လှုပ်ရှားမှု သမိုင်းဖြစ်ရပ်မှန် ရုပ်ရှင်ကားအဖြစ် ပုံဖော်ထားတဲ့ “ရှစ်စက္ကန့်ငြိမ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ MRTV-4 ဇာတ်လမ်းတွဲများနဲ့ ပရိသတ်ရဲ့ ချစ်ခင်မှုကို ရရှိထားတဲ့ သရုပ်ဆောင် ဟိန်းထက် ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။
“ကာရိုက်တာကတော့ ရုပ်ရှင်နဲ့ ပတ်သက်တာကို ပြောလို့ မရသေးပါဘူး။ ထုတ်လုပ်ရေးဘက်က ကြေညာတဲ့အချိန်ကျရင် ပြောပြပေးသွားပါမယ်။ ပါဝင်ဖြစ်တာကတော့ We Production ကနေ Forever Group Talent Center ကို ကမ်းလှမ်းတယ်။ အဲ့အချိန်မှာ ကျနော်ရယ်၊ ကိုအောင်ရေချမ်းရယ်၊ ၂ ယောက် ပါဝင်ဖြစ်သွားတာပါ” လို့ ဟိန်းထက်က ပြောပါတယ်။
“ရှစ်စက္ကန့်ငြိမ်” ရုပ်ရှင်ဇာတ်ကားကြီးကို We Movie Production မှ ထုတ်လုပ် ရိုက်ကူးတာဖြစ်ပြီး ဇာတ်လမ်းမှာ ၁၉၉၀ ခုနှစ်၊ အင်းစိန်ထောင်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်များကို သမိုင်းဖြစ်ရပ်မှန် မှတ်တမ်းအဖြစ် ရည်ရွယ် ရိုက်ကူးခြင်း ဖြစ်တယ်လို့ သိရပါတယ်။
“ဒီကားက ဖြစ်ရပ်မှန်ပေါ့။ ၈၈ ခုနှစ်က ကျောင်းသား အရေးခင်းဖြစ်တုန်းက ဒီထဲမှာရှိခဲ့တဲ့ နိုင်ငံရေးမှာ စွမ်းစွမ်းတမံ သူတို့ရဲ့ အသက်ကို ပဓာန မထားဘဲနဲ့ ကြိုးစားခဲ့တဲ့သူတွေက စာအုပ်ထဲတွေမှာ ဖတ်ရတယ်။ ဒါပေမဲ့ ကြုံတွေ့ခဲ့ရတဲ့သူတွေနဲ့ အပြင်မှာ တရင်းတနှီး တွေ့ခဲ့ရတယ်။ သူတို့နေခဲ့ရတဲ့ ပုံစံတွေ၊ ဖြတ်သန်းရတဲ့ ဘဝတွေကို သိခဲ့ရတယ်”
“တကယ်ကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ကြရတယ်။ ဒီလို ဘဝသရုပ်မှန်ကို ပုံဖော်ရတဲ့အခါမှာ တာဝန်လည်း ကြီးသလို ဗဟုသုတွေလည်း အများကြီးရတယ်။ ထောင်ထဲမှာ ဘယ်လို ခက်ခဲခဲ့လဲဆိုတာကို သိခွင့်ရတဲ့အတွက် လေးစားပါတယ်” လို့ ဟိန်းထက်က ပြောပါတယ်။
အခုအချိန်မှာတော့ “ရှစ်စက္ကန့်ငြိမ်” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရိုက်ကူးလို့ ပြီးစီးသွားပြီဖြစ်ပြီး Post Production ပိုင်းကို လုပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။
ဇာတ်လမ်းတွဲနဲ့ လူသိများလာပြီး ရုပ်ရှင်ဇာတ်ကားကြီးများပါ ရိုက်ကူးလာရတဲ့ ဟိန်းထက်ကတော့ သူ့ရဲ့ပရိသတ်ဟာ သူ့ရဲ့အသက်လိုဖြစ်နေတယ်လို့ ဆိုပါတယ်။
“အဓိကက ကျနော့်ရဲ့ Fan တွေက ကျနော့်ရဲ့အသက်ပါပဲ။ သူတို့ ဒီလိုအားပေးလို့သာ ကျနော် ဟိန်းထက်ဆိုတာ ဖြစ်လာတာပါ။ အဲ့အတွက်ကြောင့် ကျနော့်ရှေ့မှာ သူတို့တခုခု ထိခိုက်တာ မဖြစ်စေချင်ဘူး။ သူတို့ကို ကြုံရင်ကြုံသလို ဂရုစိုက်သွားမှာပါ” လို့ ဟိန်းထက်က ပြောပါတယ်။
သရုပ်ဆောင် ဟိန်းထက်ကတော့ မကြာခင်လပိုင်းမှာလည်း ပရိသတ်နဲ့ တွေ့ဆုံပွဲတခု လုပ်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။
You may also like these stories:
“ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲမှာ အဝတ်အစား ၂ လလောက် မလျှော်ဘဲ ဝတ်ခဲ့ရတဲ့ ဟိန်းထက်
ရုပ်ရှင်ရိုက်ဖို့ အိပ်မက် ရှိနေတဲ့ “ငွေစက္ကူ ၇ ရွက်” ဇာတ်လမ်းတွဲ ဒါရိုက်တာ သည်ခေတ်နေ