ဗြိတိန်မှ နာမည်အကျော်ကြားဆုံး ရုပ်သံစတား Caroline Flack ရဲ့ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုဟာ နာမည်ကျော်ကြားသူတွေအကြောင်း ဖော်ပြနေတဲ့ လူပြိန်းကြိုက် မီဒီယာတွေအပေါ် တင်းကျပ်တဲ့ ဥပဒေများ ချမှတ်ပေးရေးအတွက် လူပေါင်း ၃ သိန်းခွဲနီးပါးက တောင်းဆိုမှုအထိ ဖြစ်ပေါ်စေခဲ့ပါတယ်။
နာမည်ကျော် ကဏ္ဍစုံ အစီအစဉ်ဖြစ်တဲ့ Love Island မှ တင်ဆက်သူဟောင်းနဲ့ Dancing With The Stars ဗြိတိန်ဗားရှင်းမှ အနိုင်ရရှိသူ အသက် ၄၀ အရွယ် Flack ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က လန်ဒန်မြို့မှာ ရှိတဲ့ သူ့ရဲ့ တိုက်ခန်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်မှုနဲ့ သေဆုံးနေခဲ့တာကို တွေ့ခဲ့ကြရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ချစ်သူကို ရိုက်နှက်ခဲ့မှုနဲ့ စွဲချက်တင်ခံခဲ့ရပြီးတဲ့နောက် သူ့ရဲ့ရုပ်သံ တင်ဆက်ရေး တာဝန်တွေကနေ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။
Flack ရဲ့သေဆုံးမှုဟာ လူမှုကွန်ရက်မီဒီယာတွေပေါ်မှာ လူတွေကို နာမည်ကျော်တွေအကြောင်း သွားပုပ်လေလွင့် ပြောဆိုမှုတွေကို ဖြစ်ပေါ်စေတဲ့ ဗြိတိန်လူပြိန်းကြိုက် မီဒီယာတွေနဲ့ ပတ်သက်လို့ ဆွေးနွေးငြင်းခုံမှုတွေကိုလည်း ဖြစ်ပေါ်လာစေခဲ့ပါတယ်။ Flack ဟာ စိတ်ကျရောဂါကို ခံစားနေရတဲ့အကြောင်း အရင်တုန်းကလည်း ပြောဆိုထားပြီး ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၇ ရက် နေ့လယ်ပိုင်းအထိ လူပေါင်း ၃၄၆,၀၀၀ ဦး လက်မှတ်ရေးထိုးထားတဲ့ တောင်းဆိုချက်မှာ ဆိုရင် အမည်မသိလူတွေရဲ့ ပြောစကားများကို အသုံးပြုမှု၊ ကိုယ်ရေးကိုယ်တာ ချိုးဖောက်မှု၊ ပုဂ္ဂလိက သတင်းအချက်အလက်များ ဖြန့်ချိမှု၊ လူပုဂ္ဂိုလ် တဦးချင်းစီရဲ့ ဆေးဘက်ဆိုင်ရာနဲ့ ကျန်းမာရေး မှတ်တမ်းများ ထုတ်ပြန်မှုတွေအပေါ် တားမြစ်ဖို့ တောင်းဆိုထားပါတယ်။
အဲ့ဒီ လက်မှတ်ရေးထိုး တောင်းဆိုချက်မှာ “ဒါဟာ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေမှု၊ ပစ္စည်းဥစ္စာ အလွဲသုံးစားပြုမှုနဲ့ နိမ့်ပါးတဲ့ စိတ်ကျန်းမာရေးတွေကို ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်မှာပါ။ အတူတူ ရပ်တည်ကြပြီး အပြောင်းအလဲ တခုအတွက် လုပ်ဆောင်ကြပါစို့” လို့ ဖော်ပြထားပါတယ်။
ဗြိတိန်ရဲ့ လူကြိုက်အများဆုံး ရုပ်သံ အစီအစဉ်တခုဖြစ်တဲ့ ‘Love Island’ ဟာဆိုရင် ဗီလာတခုမှာ စုံတွဲအဖြစ် နေထိုင်ရမယ့် လူငယ် တကိုယ်ရည် အမျိုးသားတွေနဲ့ အမျိုးသမီးတွေအကြောင်း ရိုက်ကူးဖော်ပြတာဖြစ်ပါတယ်။ အိပ်ခန်းအပါအဝင် နေရာစုံမှာ ဖြစ်နိုင်တဲ့ သူတို့ရဲ့ ဆက်ဆံရေး အခြေအနေကို ရုပ်သံကနေ ထုတ်လွှင့်ဖော်ပြတာလည်း ဖြစ်ပါတယ်။ နောက်ဆုံးအထိ ကျန်ရစ်တဲ့ စုံတွဲက အဲ့ဒီအစီအစဉ်မှာ အနိုင်ရရှိတာလည်း ဖြစ်ပါတယ်။
၂ ရက်ကြာ ထုတ်လွှင့်မှု ရပ်နားခဲ့ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၁၇ ရက် ညနေပိုင်းမှာတော့ အဲ့ဒီ အစီအစဉ်ကို ပြန်လည် ထုတ်လွှင့်မယ်လို့ ITV ရုပ်သံက ကြေညာထားပြီး သူတို့ရဲ့ အရင်တင်ဆက်သူဟောင်းအတွက် ဂုဏ်ပြုမယ့် အစီအစဉ်လည်း ပါဝင်မယ်လို့ သိရပါတယ်။