Entertainment

အော်စကာဆုရ "Parasite" ရုပ်ရှင်ဖန်တီးသူတွေကို အိန္ဒိယရုပ်ရှင် ထုတ်လုပ်သူ တရားစွဲမည်

၁၉၉၉ ခုနှစ်မှာ မင်းသား Vijay ပါဝင်ထားတဲ့ “Minsara Kanna” ရုပ်ရှင်ရဲ့ တမီးလ်ထုတ်လုပ်သူ PL Thenappan က ပုံတူကူးချမှုနဲ့ မကြာသေးခင်တုန်းက အော်စကာဆုတွေ ရရှိထားတဲ့ ကိုရီးယားရုပ်ရှင် “Parasite” ရဲ့ ဖန်တီးသူတွေကို တရားစွဲဆိုသွားမယ်လို့ ကြေညာခဲ့ပါတယ်။

Thenappan က “တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ နိုင်ငံတကာ ရှေ့နေတဦးထံကနေ အကူအညီနဲ့ အမှုကို တင်သွင်းမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကျနော့်ရုပ်ရှင်ထဲက ဇာတ်လမ်းအကြောင်းအရာကို ယူသွားတယ်။ ကျနော်တို့ရဲ့ ရုပ်ရှင်တချို့က သူတို့ရဲ့ ရုပ်ရှင်တွေကို ပုံတူကူးချထားတယ်ဆိုတာကို သိလိုက်ရတဲ့အချိန်မှာ သူတို့ တရားစွဲကြပါတယ်။ အလားတူပဲ အဲ့ဒီလို ထပ်တူပြန်လုပ်မှ ကျနော်တို့အတွက် တရားမျှတပါမယ်” လို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ ရုပ်ရှင်ထဲက အိုင်ဒီယာကို ကော်ပီယူခဲ့လို့ Parasite ရုပ်ရှင် ထုတ်လုပ်သူတွေထံကနေ နစ်နာကြေး တောင်းခံမယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အော်စကာဆုပေးပွဲမှာ ဒါရိုက်တာ Bong Joon Ho ရဲ့ “Parasite” ရုပ်ရှင်ဟာ အကောင်းဆုံးဇာတ်ကားဆုကို ရရှိတဲ့ ပထမဆုံးနိုင်ငံခြား စကားပြောရုပ်ရှင် အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံးနိုင်ငံခြားစကားပြော ရုပ်ရှင်ဆု တွေကိုပါ ရရှိခဲ့ပါတယ်။

မင်းသား Vijay ရဲ့ ပရိသတ်တွေကတော့ Parasite ဇာတ်လမ်းရဲ့ အောင်မြင်မှုကို မင်းသား Vijay သရုပ်ဆောင်ထားပြီး ဒါရိုက်တာ KS Ravikumar ရိုက်ကူးထားတဲ့ “Minsara Kanna” ရုပ်ရှင် အောင်မြင်မှုလိုမျိုး ရှုမြင်ခဲ့ကြပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတော့ ပုံတူကူးချတယ်ဆိုတဲ့ ပြောဆိုချက်တွေကို လက်မခံကြပေမယ့် Thenappan ကတော့ စီးပွားရေးအရ နစ်နာမှုကို ဆိုလိုတယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ Ravikumar ကတော့ အခုလို အငြင်းပွားမှုဟာ သူ့ရဲ့ ရုပ်ရှင်ကို နိုင်ငံတကာက အာရုံစိုက်လာစေလို့ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ သူက “Minsara Kanna ကို တုပထားတယ်လို့ ဆိုရင်တောင် အဲ့ဒီဇာတ်လမ်းက အော်စကာဆုရတာ ကျနော် ပျော်ရွှင်ပါတယ်။ ဒါပေမဲ့ တရားစွဲတဲ့ကိစ္စကတော့ ထုတ်လုပ်သူနဲ့သာ ဆိုင်ပါတယ်” လို့ ဆိုပါတယ်။

“Minsara Kanna” ရုပ်ရှင်အကြောင်းအရာကတော့ ချမ်းသာတဲ့ အမျိုးသမီး တဦးရဲ့ အိမ်ကို ယာဉ်မောင်းတဦးအနေနဲ့ ဝင်ရောက်ခဲ့ပြီးတဲ့နောက် ရည်ရွယ်ချက်ရှိရှိ သူ့ရဲ့ မိသားစုဝင်တွေ တယောက်ချင်းစီကို အဲ့ဒီအိမ်မှာ အလုပ်ရရှိဖို့ လုပ်ဆောင်ပေးခဲ့တဲ့ အကြောင်းအရာ ဖြစ်ပါတယ်။ “Parasite” ရုပ်ရှင်ကတော့ ကိုရီးယားနိုင်ငံမှာရှိတဲ့ ဆင်းရဲချမ်းသာ ကွာဟမှုကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။

Ref: khaleejtimes

You may also like these stories:

Loading